CHAPTER - 9 🙆 Unicode 🙆

1.6K 113 43
                                    

ပထမနှစ်ဝက် စာမေးပွဲကာလများသို့ ရောက်ရှိလာသောအခါ ခက်ဆစ်တို့မှာ ခေါင်းပင်မဖော်နိုင်အောင် ဘာသာရပ်များအား ကျက်မှတ်လေ့လာရပါသည်။ ခက်ဆစ်တို့၏ မေဂျာတွင် မြန်မာ၊ အင်္ဂလိပ် စသည့် မိုင်နာဘာသာများမှ အစပြု၍ EECA, PED စသည့် မေဂျာဘာသာရပ်များ အပါအဝင် စုစုပေါင်း (၁၁) ဘာသာအား ကျက်မှတ်ဖြေဆိုရသောကြောင့် ခေါင်းများပင် ပူ၍ ဦးနှောက်များပင် ခန်းခြောက်မတတ် ဖြစ်ရသည်။ စာမေးပွဲကာလများသည် ခက်ဆစ်တို့လို ကျောင်းသား၊ ကျောင်းသူများအတွက်တော့ အပင်ပန်းဆုံး၊ အခက်ခဲဆုံး ကာလများပင် ဖြစ်ပါ၏။

ပထမနှစ်ဝက် စာမေးပွဲကာလကြီးအား အောင်မြင်စွာ ကျော်ဖြတ်ပြီးချိန်မှာတော့ ကျောင်းပိတ်ချိန်ရာသီအဖြစ် တစ်လခန့် သူတို့ အနားရသည်။ ထိုကာလ၌ ခက်ဆစ်၏ ပထမဦးဆုံးသော ရည်းစားဦးနှင့် လမ်းခွဲနှုတ်ဆက်ရမည့် အခြေအနေတစ်ရပ်နှင့် ကြုံဆုံခဲ့ရလေ၏။ ထိုနေ့က မှတ်မှတ်ရရ ခက်ဆစ် အဖွား၏ ကျန်းမာရေးစစ်ဆေးရန် ဆေးရုံသို့ ပြန်လာပြဖို့အတွက် ဆရာဝန်ကြီးများမှ ချိန်းဆိုပေးထားသည့် နေ့တစ်နေ့လည်း ဖြစ်ပါသည်။

ထိုနေ့က ခက်ဆစ်သည် မေကြီးအား ခြံဝန်းထဲသို့ ကျောပိုးသယ်လျက် ပလပ်စတစ် ထိုင်ခုံရှည်ကြီးတွင် ထိုင်စေပြီး ရေချိုးပေးရ၏။ မေကြီးအား ရေချိုးပေးပြီးနောက် တီတီ အဆင်သင့် သွေးထားပေးသည့် သနပ်ခါးပျစ်ပျစ်ကလေးအား ဖွေးနေအောင် လူးပေးပြီးနောက် ခြေလက်တို့ကိုတော့ ဆေးမြစ်ဆုံအခဲကလေးကို ရေကျဲကလေး သွေးလျက် လူးပေးလိုက်သည်။ မေကြီးအား ပြင်ဆင်ပေးပြီးနောက်တွင် ခက်ဆစ်သည် အဝတ်အစားလဲရန် အပေါ်ထပ်သို့ တက်လာလိုက်သည်။ ထိုအချိန်တွင် တီတီက ရေချိုးနေလျက် ရှိပြီ။

ခက်ဆစ် အဝတ်အစား လဲနေဆဲအချိန်တွင် ပြသနာတစ်ခုသည် ဖုန်းအဝင် ခေါ်ဆိုမှုတစ်ခုမှတဆင့် ခက်ဆစ်ထံသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့ပါသည်။ ခက်ဆစ်သည် ပြသနာတစ်ခုမှန်း မသိသည့် ထိုအဝင်ဖုန်းအား ကြည်နူးရွှင်လန်းသော အသံကလေးဖြင့် လက်ခံဖြေဆိုလိုက်ပါ၏။

"ဟဲလို...၊ ကို ပြော"

"ကလေးငယ်...၊ ကိုယ့်ကို တစ်ခုလောက် ကူညီစမ်းပါဦး။ အခုချက်ချင်း ကိုယ့်ကို မတ္တရာဘက် ပစ္စည်းသွားပို့ပေးစမ်းပါဦး"

အချစ်စစ်ပုံပြင် 💙 အချစ်စစ်ပုံပြင် { COMPLETED}Where stories live. Discover now