CHAPTER - 15 🙆 Zawgyi 🙆

551 23 1
                                    

ဆောင်းရာသီတွင် မနက်စောစောထ၍ ရေချိုးရသည်မှာလည်း လွယ်ကူသည့် အလုပ်တစ်ခု မဟုတ်ပါ။ သာမန်နေ့ရက်များမှာတော့ မနက်ပိုင်းတွင် သူမ ရေချိုးလေ့ မရှိပါ။ အလုပ်က ပြန်ရောက်သည့် ညနေပိုင်းများမှာသာ သူမ ရေချိုးပါသည်။ သို့သော် သည်နေ့မနက်မှာတော့ ခါတိုင်းရက်တွေထက် စောစောထသည့်အပြင် ရေကိုလည်း တစ်ခါတည်း ချိုးခဲ့လိုက်ပါသည်။ မောင်က သူ ကျောင်းကားပေါ် မတက်ခင် မနက်စောစော လာတွေ့ရန် ချိန်းထားသည့်အတွက် သူမ အလှဆုံးဖြစ်အောင် ပြင်ဆင်သွားရမည် မဟုတ်လား။

မောင်သည် ထိုကဲ့သို့ သူ့ဘက်က အရင် ချိန်းလေ့မရှိသူ ဖြစ်သည့်အတွက် သူမ ပို၍ ရင်ခုန်ဝမ်းသာရသည်။ မနက်တွင် မောင်နှင့် တွေ့၍ ဆိုင်တစ်ဆိုင်တွင် ထိုင်ကာ မနက်စာ အတူတူစားရမည့် အဖြစ်ကို စိတ်ကူးယဉ်ကြည့်ရုံကလေးနှင့် သူမ ကြည်နူးလှိုက်ဖိုရပါ၏။

သူမသည် မှန်တင်ခုံရှေ့တွင် ဟန်ကျပန်ကျ ထိုင်လျက် မျက်နှာကလေးအား မိတ်ကပ်‌ ရောင်စုံကလေးများဖြင့် အစွမ်းကုန် ခြယ်သလိုက်သည်။ ပန်းနုရောင် နှုတ်ခမ်းနီ အဆီလေးအား နှုတ်ခမ်း‌လေးပေါ် ဆိုးခြယ်ပြီးချိန်တွင် သူမကိုယ်သူမ ကျေနပ်သွားလေ၏။ ထို့နောက် ကုမ္ပဏီ ယူနီဖောင်းကလေးအား ဝတ်ဆင်လိုက်ပြီး ခြုံထည်လေးကဲ့သို့ ဒီဇိုင်းဖော် ထိုးရက်ထားသည့် သိုးမွှေးထည်ကလေးအား အပေါ်မှ ထပ်၍ ဝတ်ဆင်လိုက်သည်။ ထို့နောက် သူမ ပိုက်ဆံအိတ်ကလေးအား ပခုံးပေါ် ကောက်တင်လျက် ဆိုင်ကယ်ကလေး စက်နှိုးရင်း ထွက်လာခဲ့လိုက်တော့သည်။

မောင်သည် သူမနှင့် တွေ့ဆုံရန် ဦးပေစိဘုရားကိုသာ အမြဲလိုလို ရွေးချယ်ချိန်းဆိုတတ်ပါသည်။ ဦးပေစိဘုရားတွင် ဆုံပြီးမှသာ ကျန်သည့် နေရာများကို သွားဖြစ်ကြသည်။ သူမ အလုပ်ဆင်းရာမှ အပြန် မောင်နှင့် ခဏတစ်ဖြုတ် ဝင်တွေ့သည့် အခြေအနေမျိုးမှာတော့ သူမတို့သည် ဦးပေစိဘုရားမှာသာ အချိန်ကုန်သွားကြလေ့ရှိသည်။

သူမသည် ဦးပေစိ ဘုရား၏ တောင်ဘက်မုခ်ပေါက်မှ ဆိုင်ကယ်လေး မောင်းရင်း ချိုးကွေ့ဝင်လိုက်သည်။ ဆိုင်ကယ်လေးအား ဘေးတစ်နေရာတွင် ကပ်ရပ်၍ သော့ခတ်ခဲ့လိုက်ကာ သူမ၏ ဒေါက်ဖိနပ်ကလေးအား ဆိုင်ကယ်၏ ဘေးနားကပ်လျက် ချွတ်ထားခဲ့လိုက်သည်။ ထို့နောက် မောင်နှင့် သူမ ဆုံနေကျ စောင်းတန်းကလေးဆီသို့ လျှောက်လာခဲ့လိုက်သည်။

အချစ်စစ်ပုံပြင် 💙 အချစ်စစ်ပုံပြင် { COMPLETED}Where stories live. Discover now