အသနားခံသလို မျက်ဝန်းစိုလေးများနှင့် တေးအိမ်ကို စိုက်ကြည့်နေခဲ့သည့် ခက်ဆစ်၏ မျက်ဝန်းများနှင့် ဆုံတွေ့ချိန်တွင် ရင်ထဲ လှိုက်ခနဲ ခုန်လှုပ်သွားသည်။ သူ၏ စိတ်အာရုံတို့ကို ညှို့ယူဖမ်းစားနိုင်စွမ်းရှိသော မဟော်ဂနီကောင်လေး၏ ချစ်စကား ဖွင့်ဟမှုအတွက် သူ များစွာ အံ့ဩတုန်လှုပ်မိပါသည်။ တစ်ချိန်တည်းမှာပင် သူ့စိတ်တွေ ရှုပ်ထွေးရပြန်သည်။
အမှန်အတိုင်း ဝန်ခံရလျှင် ခက်ဆစ်ကို သူ သိပ်ခင်မင်မိသည်။ Facebook ပေါ်တွင် စတင်ခင်မင်ရကတည်းက သူငယ်ချင်းအရင်းတစ်ယောက်လို နီးကပ်နွေးထွေးမှုကို ထူးဆန်းစွာ ခံစားခဲ့ရသည်။ ကျောင်းမှာ စတင်တွေ့ဆုံခဲ့တော့လည်း ပထမနှစ်ကတည်းက ပေါင်းလာခဲ့သည့် နေ့သစ်ကမ္ဘာနှင့် သက်တံ့ရောင်တို့ထက် ပိုသည့် နွေးထွေးရင်းနှီးမှုကို သူ ဆန်းကြယ်စွာ ခံစားရပါ၏။
ခက်ဆစ်က သူ့ကို သတိမထားမိခင် သူက အရင် ခက်ဆစ်ကို သတိထားမိခဲ့သည်။ တက္ကသိုလ်ကျောင်းသားကြီးအဖြစ် ပထမဆုံးကျောင်းစတက်ခဲ့ရသည့် နေ့က ကျောင်းဆင်းချိန်တွင် သူ့ပခုံးလေးကို ဝင်တိုက်သွားသည့် မဟော်ဂနီကောင်လေး၏ နောက်ကျောပြင်ပုံရိပ်ကလေးသည် ဘာကြောင့်ရယ်မသိဘဲ သူ့အာရုံတွင် စွဲထင်ကျန်ရစ်သည်။ ထိုမှအ၍ သတိထားခဲ့သည့် မဟော်ဂနီကောင်လေးသည် သူ့မြင်ကွင်းများထဲတွင် မကြာခဏဆိုသလို ပေါ်လာတတ်သည်။ ထိုသို့ ပေါ်လာချိန်တိုင်းမှာလည်း သူ ထိုကောင်လေးကိုသာ ငေးစိုက်ကြည့်နေမိခဲ့သည်မှာလည်း ဘာကြောင့်ရယ်မှန်း မသိပါ။
အခုတော့ ထိုကောင်လေးက သူ့ကို ချစ်သည်တဲ့။
'ငါ... ငါ မင်းကို ချစ်တယ် မိုင်းရယ်...၊ ငါမင်းကို သိပ်ချစ်နေမိပြီ...' တဲ့။
တိုးဖွညင်သာစွာ ဖွင့်ဟခဲ့သည့် ထိုစကားသံကလေးသည် သူ့နှလုံသားလေးကို မြင်းတစ်ကောင်လို ခုန်ပေါက်လှုပ်ရှားစေနိုင်စွမ်း ရှိသည်။ ကောင်လေး၏ သိမ်မွေ့သလောက် ပြင်းထန်သည့် ချစ်စကားတို့၏ လေးနက်မှုကို သူ ခံစားရသည်။ ကောင်လေး၏ မျက်ဝန်းတို့တွင် ပျော်ဝင်နေသည့် ရွှန်းလဲ့လဲ့ အချစ်ငွေ့ရည်တို့ကို သူ ကြိုးစားစရာမလိုဘဲ တွေ့မြင်ရသည်။
YOU ARE READING
အချစ်စစ်ပုံပြင် 💙 အခ်စ္စစ္ပုံျပင္ { COMPLETED}
Romance💙 BASE ON AUTHOR'S LIFE AND RELATIONSHIP 💙 မင်းဟာ ကိုယ့်အတွက် ပုံပြင်လေးတစ်ပုဒ် ဖြစ်နေခဲ့မယ်ဆိုရင်တောင်... ဘယ်တော့မှ ဟောင်းနွမ်းမသွားမယ့် ပုံပြင်... ဘယ်တော့မှ ရိုးအီမသွားမယ့် ပုံပြင်... တစ်နည်းအားဖြင့်... ကိုယ့်နှလုံးသားထဲက ဖြစ်တည်ပေါက်ဖွားလာတဲ့...