"ဟင့်အင်း...၊ ဟင့်အင်း... မိုင်းနဲ့ လုံးဝ လမ်းမခွဲနိုင်ဘူး"
ကြောက်လန့်တကြား ရေရွတ်လိုက်မိသည့် ခက်ဆစ်၏ အသံများအား မိုင်း ကြားနိုင်ပါရဲ့လား။ ခံစားနိုင်ပါရဲ့လား။
"ငါတို့ ရှေ့ဆက်ဖို့ တကယ်ကို မဖြစ်နိုင်တော့ဘူး ထင်တယ် ခက်ဆစ်။ ငါ ဒီထက်ပိုပြီး အစော်ကား မခံနိုင်တော့ဘူး၊ အထင်သေး မခံနိုင်တော့ဘူး။ ဒီတော့ ငါတို့ ဇာတ်လမ်းကို တစ်ခန်းရပ်လိုက်ကြတာ ကောင်းမယ်"
သွေးပူနေသည့်အချိန်ဖြစ်၍ ခက်ဆစ် ဘယ်လိုပဲ ပြောပြော မိုင်း နားဝင်နိုင်မည် မဟုတ်။ ထို့ကြောင့် မိုင်းအား ချော့မော့ဖျောင်းဖျရန် ခက်ဆစ် လေပြေထိုးရပါ၏။
"ဒီလိုဆိုလည်း မိုင်း သဘောပါပဲ။ မိုင်း ဘယ်လို ဆုံးဖြတ် ဆုံးဖြတ် ခက်ဆစ် နာခံပါ့မယ်။ လမ်းခွဲရမယ် ဆိုရင်တောင် နောက်ဆုံးအနေနဲ့ နှုတ်ဆက်စကားပြောပြီးမှ လမ်းခွဲရအောင်ပါ မိုင်းရယ်။ မိုင်းကို နှုတ်ဆက်ခွင့်လေးတော့ ပေးပါဦး"
ဖုန်းတစ်ဖက်က မိုင်းဆီမှ တုံ့ပြန်သံ ထွက်မလာခဲ့ပါ။ ပူပန်စွာဖြင့် စိတ်လောနေသည့် ခက်ဆစ်ကပင် မိုင်းကို နောက်တစ်ကြိမ် တောင်းဆိုလိုက်ရပါသည်။
"နော်... မိုင်း၊ နောက်ဆုံးအနေနဲ့ပါ...၊ မိုင်း အခု ဘယ်ရောက်နေပြီလဲဟင်...၊ ခက်ဆစ် လာခေါ်မယ်လေနော်"
"အောင်တော်မူ ဘုရားရှေ့မှာ ငါ စောင့်နေမယ်"
အေးစက်မာကျောနေသည့် စကားတစ်ခွန်းပြောပြီးနောက်တွင် မိုင်း ဖုန်းချသွားသည်။ ခက်ဆစ်သည် ဆိုင်ကယ်စက်နှိုးလျက် အောင်တော်မူဘုရား အရှေ့မုခ်သို့ ခပ်မြန်မြန် မောင်းထွက်လာလိုက်သည်။
အောင်တော်မူဘုရားပေါက် အရှေ့က ထီဆိုင်တစ်ဆိုင် ရှေ့တွင် မိုင်းသည် ခေါင်းငိုက်စိုက်ဖြင့် မတ်တတ်ရပ်လျက် စောင့်နေခဲ့သည်။ ခက်ဆစ်က မိုင်း အရှေ့တွင် ဆိုင်ကယ်ရပ်လိုက်တော့ မိုင်းက ခေါင်းတစ်ချက် မော့ကြည့်လျက် ဆိုင်ကယ်နောက်တွင် တက်ထိုင်လိုက်သည်။ ခက်ဆစ်က ဘယ်ကို မောင်းရမလဲ စဉ်းစားလျက် အကောင်းဆုံးဖြစ်မည့် နေရာတစ်ခုအား ရွေးချယ်လိုက်ပြီး ဆိုင်ကယ်မောင်းထွက်လိုက်၏။
YOU ARE READING
အချစ်စစ်ပုံပြင် 💙 အချစ်စစ်ပုံပြင် { COMPLETED}
Romance💙 BASE ON AUTHOR'S LIFE AND RELATIONSHIP 💙 မင်းဟာ ကိုယ့်အတွက် ပုံပြင်လေးတစ်ပုဒ် ဖြစ်နေခဲ့မယ်ဆိုရင်တောင်... ဘယ်တော့မှ ဟောင်းနွမ်းမသွားမယ့် ပုံပြင်... ဘယ်တော့မှ ရိုးအီမသွားမယ့် ပုံပြင်... တစ်နည်းအားဖြင့်... ကိုယ့်နှလုံးသားထဲက ဖြစ်တည်ပေါက်ဖွားလာတဲ့...