{ Unicode }
ဒီနှစ်ရက်အတွင်း သူ့စိတ်တွေက ဟိုးအောက်ဆုံးထိထိုးကျနေခဲ့ပြီး ပြန်တက်လာလို့မရနိုင်လောက်အောင်ကို နက်ရှိုင်းလွန်းတဲ့ ချောက်ကြီးထဲ သူ့ကံကြမ္မာလေးကပြုတ်ကျသွားခဲ့ပြီလို့ခံစားနေရ၏။ Club ကနေ မကျိုးမပဲ့ဘဲ ပြန်ထွက်လာနိုင်ပြီးနောက်ပိုင်း ဖေးယွီရောလောင်ဟူရော သူကိုယ်တိုင်ရော ဘာစကားမှမပြောဖြစ်ကြဘဲ ထိုအကြောင်းကိုပါးစပ်တောင်မဟနိုင်ခဲ့ပေ။ ပြဿနာအကြီးကြီးရှာမိသွားသည်ဆိုတာကို သူတို့တွေစိတ်ထဲက အလိုလိုသိနေခဲ့ပြီး သုံးယောက်စလုံးထိုကိစ္စကို ဘယ်လိုအင်အားမျိုးဖြင့် ရင်ဆိုင်ရမည်ကိုသာ တိတ်တိတ်ကလေးတွေးနေခဲ့ကြသည်။ အမွှေစိန်လုပ်ပြီး ပျားအုံအားတုတ်ဖြင့်သွားထိုးသည်မှာ လောင်ဟူဖြစ်သော်လည်း ရှောင်းကျန့်က သူ့ခေါင်းသူပြန်ရောင်းခဲ့သည်မို့ တကယ့် တကယ်ကိုပင် ဝိဉာဉ်လွင့်သွားတော့မည်ဟုခံစားနေရတော့၏။
ဒီည ဆိုင်မှာ လူကျတာတောင် ရှောင်းကျန့်က ထိုအကြောင်းအရာကြောင့် စိတ်ထွေပြားနေပြီး အလုပ်ထဲဝယ်အာရုံမစိုက်နိုင်ဖြစ်နေရသည်။ တကယ်ပဲ မနက်ဖြန်ကျောင်းဖွင့်ချိန်ကိုရောက်ရင် ဘယ်လိုရင်ဆိုင်ရပါ့မလဲ။
*ခလွမ်း!*
ကြွေပန်းကန်တစ်ချပ် ကြမ်းပြင်ပေါ်ပြုတ်ကျသွားကာမှ ရှောင်းကျန့်က သူအလုပ်လုပ်နေမှန်း သတိရပြီး အာရုံစိုက်ဖို့ ကိုယ့်ကိုယ်ကိုယ်သတိပေးရတော့သည်။
"ရှောင်းကျန့် မင်းအဆင်ပြေရဲ့လား"
လီကျုံက ငွေကောင်တာကနေ ပန်းကန်ကွဲစတွေရှင်းနေသည့် ရှောင်းကျန့်အနားသို့ရောက်လာကာမေးတော့သည်။ လီကျုံသည် ရှောင်းကျန့်ကိုအမြဲ သက်ညှာပေးသူမို့ ဒီလိုမျိုး စိတ်တွေပြန့်လွင့်ပြီးအလုပ်ထဲမှာ အာရုံမရှိတာဟာ သူဌေးကိုမလေးစားရာရောက်နေသည်။ သူ့စိတ်ထဲကနေ လီကျုံကိုအားနာစိတ်ဖြစ်သွားရပြီး ခပ်တိုးတိုးပင်တောင်းပန်လိုက်တော့၏။
"တောင်းပန်ပါတယ် လီကျုံ၊ ကျွန်တော်ပန်းကန်အတွက်ပြန်လျော်ပေးပါ့မယ်"
"အိုက်ယား မဟုတ်တာပဲ၊ မင်းကတစ်ယောက်ထဲ ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလောက်ပင်ပန်းနေတာ ငါမင်းကိုပေးနိုင်တဲ့ လခကလည်း ဟောသည့်လောက်နည်းနည်းကလေးကို၊ ငါကမင်းဆီကဘယ်လိုများ ပန်ကန်ဖိုးတောင်းရက်ပါ့မလဲ၊ မင်း...နေရောကောင်းရဲ့လား မူးတာမောတာရှိလို့လား ခုရက်ပိုင်း မင်းကိုကြည့်ရတာ အဆင်ပြေပုံမရဘူး"
YOU ARE READING
Unrequited Love