အခန်း(၉) 🚦

2.2K 266 12
                                    

{ Unicode }

အိမ်ကိုပြန်ခေါ်လာတဲ့ လမ်းတစ်လျှောက်လုံး သူတို့နှစ်‌ယောက်ကြားထဲမှာ ဘာစကားတစ်ခွန်းမှမပြောဖြစ်ကြဘူး။ ဝမ်ရိပေါ်ရဲ့ နဂိုပုံစံကိုက အေးတိအေးစက်ပုံစံမို့လို့ ပုံမှန်သာထင်ရပေမဲ့ ရှောင်းကျန့်ကတော့ သိသိသာသာကြီးကို ပြောင်းလဲနေခဲ့သည်။ သူ့ရဲ့မျက်တောင်တွေက အောက်စိုက်နေပြီး လက်သည်းတွေနဲ့လက်ကိုကုပ်ခြစ်နေတာကို စိုက်ကြည့်နေခဲ့တယ်။ ဝမ်းနည်းနေသလိုလို အားငယ်နေသလိုလို သေချာခန့်မှန်းလို့မရပေမဲ့ ရှောင်းကျန့်က ပုံမှန်ထက်အများကြီး ငြိမ်နေသလို တက်ကြွမှုလည်းမရှိပါပေ။

ဒီအိမ်ထဲကို နောက်တစ်ကြိမ်ခြေချရမယ်လို့ လုံးဝထပ်မစဉ်းစားခဲ့တာတော့အမှန်ပဲ။ တကယ့်တကယ်ပြန်ရောက်လာတော့လည်း ရက်ပိုင်းလေးသာခြားလိုက်သည်မဟုတ်ပါလား။ ဝမ်ရိပေါ်ကတော့ သူ့အိမ်သူ့ယာမို့လို့ ဖိနပ်ချွတ်ပြီး ဝင်သွားပေမဲ့ ရှောင်းကျန့်ကတော့ အပေါက်ဝမှာ မတ်တပ်ရပ်ကျန်ခဲ့ပြန်သည်။ လိုချင်တာတွေများပေမဲ့ ရဖို့ခက်ခဲ ခဲ့ပေမဲ့ အခုတလော သူရရှိနေတာတွေက အရမ်းများလွယ်ကူနေပါလားလို့တွေးမိလာတယ်။

ဝမ်ရိပေါ်ကပြောတယ်။ "စာချုပ်မဖျက်မချင်း ဒီအိမ်က မင်းလည်းပိုင်တယ်" တဲ့။ ဝမ်ရိပေါ်ပြောချင်တဲ့ စာချုပ်ကဘာလဲ။ လက်ဆုပ်လက်ကိုင်ပြစရာမရှိဘဲ နှုတ်နဲ့သာချုပ်ဆိုထားတဲ့ စာချုပ်တစ်ခုကို သူယုံလို့ရပါ့မလား။ ပြီးတော့ စာချုပ်ဆိုတာ တစ်ချိန်ချိန်ရောက်ရင် သက်တမ်းကုန်မှာပဲမလား။

"ဘာရပ်လုပ်နေတာလဲ"

ရှောင်းကျန့်က သူ့ရဲ့ဖိနပ်ထိပ်ဖျားလေးတွေကို ငုံ့ကြည့်ရင်း အတွေးများနေခဲ့တာဖြစ်ပြီး ဝမ်ရိပေါ်ရဲ့အသံကိုကြားလို့ မော့ကြည့်လာချိန်မှာ သနားစရာရောပစ်မှားချင်စရာရော ကောင်းလွန်းနေတဲ့ ဝေဝေဝါးဝါးမျက်ဝန်းလေးတွေဖြစ်လို့နေတယ်။ ဝမ်ရိပေါ်က လက်ထဲမှာ တစ်ခုခုကိုင်ထားပြီး သူ့ရဲ့ဒဏ်ရာရနေတဲ့ နှုတ်ခမ်းပါးတွေကို ထုံးစံအတိုင်း ခပ်တင်းတင်းစေ့ပိတ်ထားတယ်။ ပြီးတော့ သူ့ရဲ့စူးရှလွန်းတဲ့အကြည့်တွေက ရှောင်းကျန့်ဆီကနေ မခွာတော့ဘူး။

Unrequited Love Where stories live. Discover now