အခန်း(၅)

2K 306 24
                                    

"နံရိုးအက်ထားတာမို့ တစ်လခွဲလောက် အေးဆေးအနားယူသင့်တယ်၊ ဆေးပေးပြီး ပြန်ကုလို့ရတယ်ဆိုပေမဲ့ ဒီကြားထဲ မဆင်မခြင် အလေးအပင်မတာတွေ ပစ္စည်းတစ်ခုခုကုန်းကောက်တာတွေကို သတိထားရမယ် အရှိန်များပြီးအခန့်မသင့်ရင် ကျိုးကြေတဲ့အထိဖြစ်သွားနိုင်ပြီး ကိုယ်တွင်းကလီစာတစ်ခုခုကိုပါ ထိခိုက်သွားမှာစိုးရတာမို့ သေချာလေးဂရုစိုက်ပေးပါ၊ မစ္စတာရှောင်းကျန့်က အောက်ဘက်နံရိုးတစ်ချောင်းအက်ထားတာမို့ သတိမထားမိတာတွေဖြစ်ပြီး ကျိုးသွားမယ်ဆိုရင် အသည်းနဲ့ကျောက်ကပ်ကို စုတ်ဖြဲလိုက်သလိုမျိုးဖြစ်သွားနိုင်ပါတယ် အသေအချာလေးအထူးဂရုစိုက်ရပါမယ်နော်"

ဆရာဝန်၏ ပြောကြားချက်များကို နားထောင်နေပြီး ရှောင်းကျန့်၏မျက်နှာမှာ ဇီးရွက်လောက်သာကျန်တော့သည်။ ကုန်းကွလို့မရ အလေးအပင်မချင်တိုင်းမလို့မရ ဒါဆို သူဘယ်လိုများနေထိုင်စားသောက်ရပါ့မလဲ။ ပြုစုပေးမဲ့အမေမရှိသလို ကျွေးမွေးထားမဲ့အဖေလည်းသူ့မှာမရှိဘူးလေ။ အိပ်ယာပေါ်ပက်လက်လဲရင်း ရှောင်းကျန့်ကသူ့မျက်နှာပေါ် လက်တစ်ဖက်ဖြတ်တင်ကာမျက်လုံးများအား အုပ်ပစ်လိုက်သည်။ စိတ်ဓာတ်ကျသွားပုံရတဲ့ သူ့မျက်နှာကိုအကဲခတ်ရင်း ဆရာဝန်က နှစ်သိမ့်စကားပြောလာသည်။

"မစ္စတာရှောင်းကျန့် အရမ်းကြီးလည်းစိတ်ဓာတ်မကျပါနဲ့ လုံလောက်အောင်အနားယူပြီးရင် အကောင်းပကတိအတိုင်းပြန်ဖြစ်သွားမှာပါ"

ဆရာဝန်လေးက အကြည်ရောင်ဓာတ်ရှိသည်။ ပြစ်မျိုးမှဲ့မထင်ရုပ်ရည်မျိုးကိုပိုင်ဆိုင်ထားပြီး မျက်မှန်ပါးပါးကိုလည်း သူ၏နှာတံစင်းစင်းများအပေါ်တွင်တင်ထားသေးသည်။ စကားပြောလိုက်တိုင်း ရှေ့သွားနှစ်ချောင်းကလည်း ချစ်ဖို့ကောင်းစွာထွက်လာပြန်သေး၏။ ခြုံကြည့်ပါက တကယ်ကိုချောသည် အင်မတန်ချောသည် လူနာတိုင်းပြချင်သည့် ဆရာဝန်မျိုးလေး။

ရှောင်းကျန့်က ဘာမှပြန်မဖြေဘဲ သက်ပြင်းကိုသာ ဖြေးဖြေးလေးကိုမှ ဖြေးဖြေးလေးချလိုက်လေသည်။ တကယ်ကိုပဲ အသက်ကလေးနည်းနည်းရှူတာတောင် သေအောင်နာတယ်။ ဆရာဝန်က ရှောင်းကျန့်ရဲ့ ညိုးငယ်နေတဲ့ အငွေ့အသက်တွေပြည့်ပြည့်လာမှန်း သိသာလာတော့ ရှောင်းကျန့်ကိုစကားဆက်မပြောတော့ဘဲ ဘောင်းဘီအိတ်ထဲလက်ထည့်ရင်း မျက်နှာတည်တည်နဲ့အနားမှာမတ်တပ်ရပ်ကာ ရှောင်းကျန့်ကိုသေချာစိုက်ကြည့်နေတဲ့ ဝမ်ရိပေါ်ဘက်ကိုလှည့်သွားတော့သည်။

Unrequited Love Where stories live. Discover now