အနှစ်နှစ်အလလကြာမြင့်ခဲ့လည်း ဝမ်ချင်းရွှေ၏ စိတ်သဘောထားမှာတော့ ယခင်ကအတိုင်းပဲ မာထန်ဆဲ မောက်မာနေဆဲဖြစ်သည်။ ဖြစ်နိုင်တာက ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းပြီး လူတိုင်းကို မတူမတန်စွာ အနိုင်ကျင့်ဆက်ဆံတတ်သည့် ဝမ်သခင်လေး၏ စရိုက်မှာ သူ၏အဖေထံမှ တိုက်ရိုက်အမွေဆက်ခံထားရတာပင်ဖြစ်မည်။ သားအဖမှန်း မည်သူမြင်မြင် တန်းသိနိုင်လောက်တဲ့အထိကို အကျင့်စရိုက်များက တူညီလွန်းကြသည်။
ဝမ်အိမ်တော်၏ အေးချမ်းမှုနှင့် တိတ်ဆိတ်ငြိမ်သက်မှုသည် အချိုးအစားမျှတလှပြီး ဆူဆူညံညံနှင့် နေချင့်စဖွယ် ပတ်ဝန်းကျင်မရှိသည်မှာ အတော်လေးကိုကြာမြင့်ခဲ့ပြီဖြစ်သည်။ အိမ်တော်မှ သက်တမ်းကြာမြင့်နေပြီဖြစ်တဲ့ အစေခံဟောင်းတွေကတော့ အိမ်တော်သခင်မဟောင်း မရှိတော့ထဲက ထိုကဲ့သို့တိတ်ဆိတ်သွားကြောင်း ပြောပြလေ့ရှိပေမဲ့ အသက်နှင့်အိုးအိမ်အား တန်ဖိုးထားသူတို့မှာတော့ ထိုအကြောင်းအား ယောင်လို့ပင်စကားမစကြချေ။ ထို့ကြောင့်လည်း အိမ်တော်၏အတွင်းနေထိုင်ကြသူများသည် မျက်စိပိတ်နားပိတ် အရာရာကိုလျစ်လျူရှုလျက် ကိုယ့်ကိစ္စကိုယ်သာ လုပ်တတ်ကြသည့် တစ်ကိုယ်ကောင်းဆန်ဆန်နေကြသူများအဖြစ်သာ ရပ်တည်ကြ၏။ စကားလေးတစ်ခွန်းနှစ်ခွန်းအတွက် လစာကောင်းမွန်လှသော ဤအိမ်ကြီးမှ ခွေးလိုဝက်လို ထွက်မသွားချင်ကြသောကြောင့်လည်းဖြစ်သည်။
တိတ်ဆိတ်နေသည့် ညစာစားဝိုင်းတွင် ထိပ်ဆုံး၌ ငြိမ်သက်တည်ကြည်စွာ ထိုင်နေသည့် အသက်ငါးဆယ်ဝန်းကျင်လူတစ်ယောက်ရှိပြီး အရေးအကြောင်းအချို့ဖြင့် ထင်ရှားပြီး ကျဉ်းမြောင်းကာ စူးရဲသည့် မျက်ဝန်းနက်နက်တစ်စုံသည် သားရဲတစ်ကောင်လို သန်မာနေဆဲ။ ခပ်မြင့်မြင့်နှာတံများသည် ချောမောခန့်ညားမှုအား ထောက်ကန်ပေးနေဆဲဖြစ်ပြီး သခင်ကြီးတစ်ပါးကဲ့သို့ အရှိန်အဝါမျိုးလည်း ထိုလူ့ထံမှအလျှံအပယ်ထွက်ကျနေသေးသည်။ ထိုလူသည် ဝမ်ချင်းရွှေဖြစ်ပြီး ဝမ်လုပ်ငန်းစု၏ လက်ရှိပိုင်ရှင် ဝမ်အိမ်တော်ကြီး၏ အရှင်သခင်ဖြစ်လေသည်။ ထိပ်ဆုံး၌ တိတ်ဆိတ်စွာပင် အိန္ဒြေရစွာ ထမင်းစားနေခဲ့ပြီး သူ၏မျက်ခုံးနက်နက်များမှာ အနည်းငယ်တွန့်ချိုးနေခဲ့သည်။
YOU ARE READING
Unrequited Love