Unicode
အခန်း (၂၉)လင်းကျန်း မြို့သည် ဟွိုင်မြို့နှင့် ကီလိုမီတာ ရာချီသာ ကွာဝေးပြီး အရင်အချိန်တွင် ထိုအကွာအဝေးကို တစ်ရက်သာ မောင်းနှင် ရသော်လည်း ကမ္ဘာပျက်ပြီး နောက်တွင် အလွယ်တကူ သွားနိုင်သည့် အကွာအဝေး မဟုတ်တော့ပေ။ ဖုတ်ကောင်များ အပြင် ဥပဒေ အထိန်းအကွပ် မဲ့နေသည့် လောကကြီးမှာ လူသားများအတွက် လွန်စွာ အန္တရာယ် များလှသည်။ မိမိအသက်ရှင်သန်ရေး အတွက် ကိုယ်ကျင့်တရားနှင့် တရားဥပဒေများကိုလည်း အချိန်မရွေး ချိုးဖျက် နိုင်ကြသည်။
သနားညှာတာ တတ်သော ယွင်ယောင် အပါအဝင် အခြား သူများသည်လည်း အသက်ရှင်ချင်လျှင် ရက်စက်တတ်ရမည် ဟူသော သဘောတရားကို ရက်အနည်းငယ် အတွင်း နားလည်ခဲ့ကြလေသည်။
တစ်ပတ် ကြာပြီးနောက် လင်းကျန်းမြို့ နယ်စပ်သို့ ရောက်လာခဲ့ကြသည်။ ရုတ်တရက် ဟေးယွီ ဘယ်ကို သွားသည့် အကြောင်းနှင့် လင်းကျန်း မြို့သို့ ဘာကြောင့် လာရသည့် အကြောင်းကို ယွင်ချဲ့အား မည်သူမှ မမေးကြပေ။ လမ်းတစ်လျှောက်တွင်လည်း ဖုတ်ကောင်များကို သတ်ကာ အမြုတေများကိုလည်း ရှာဖွေစုဆောင်း ခဲ့ကြသည်။ အစပိုင်းတွင် ဖုတ်ကောင်များကို ခေါင်းဖြတ်သည့်အခါ ယွင်ချဲ့ မှအပ အခြားလူများ အကုန် မူးဝေအော့အန် ကြသော်လည်း ယခုအခါတွင် နေသားကျ လာကြလေသည်။ လူသားမျိုးနွယ် ဆိုသည်မှာ ဇွဲကြီးကာ အထိုက်အလျောက် ပြောင်းလဲ နေထိုင်နိုင်သော သူများဖြစ်ပေသည်။
လိုအပ်သော ပစ္စည်းများကိုလည်း လမ်းတစ်လျှောက် ရှာဖွေကာ စုဆောင်းခဲ့ကြသည်။ ယွင်ချဲ့သည်လည်း သူ့တွင် မှော်နယ်မြေ စကြဝဠာရှိသည့် အကြောင်းကို မဖုံးကွယ် ထားခဲ့ပေ။ ပထမအချက် သူသည် ပစ္စည်းများကို လေထုထဲမှနေ၍ အချိန်မရွေး အထုတ်အသွင်း လုပ်နိုင်သည်။ ဒုတိယအချက် ယွင်ချန်၏ တည်နေရာကို ဖုံးကွယ်၍ မရနိုင်ပေ။ သို့သော် သူ၏ မှော်နယ်မြေသည် ပစ္စည်းများ သိမ်းဆည်း ထားနိုင်ရုံသာမက အခြားသော မှော်စွမ်းအင်များ ရှိသည်ကို သူကလွဲ၍ မည်သူမှ မသိပေ။ လူတစ်ယောက်ကို သူယုံကြည်စိတ်ချခြင်း မရှိသရွေ့ မဟုတ်ပေ။
أنت تقرأ
ကမ္ဘာပျက်ကပ်ကစစ်သည်တော်
عاطفيةဘာသာပြန်သူ - Swae Nyoe Team (တစ်ဦးတည်း ဘာသာပြန်ဆိုခြင်း မဟုတ်ပါ)