၂၇. ထိုနေ့ကပေါ်လီယာနာမကစားခဲ့ပါ

11 1 0
                                    


ဤသို့ဖြင့် ဆောင်းနေ့ရက်များ တစ်ရက်ပြီးတစ်ရက် ဖြတ်ကျော် ကုန်လွန်လာခဲ့သည်။ နှင်းမှုန်စကလေးများနှင့် မိုးနှင်းများသည် ဇန်နဝါရီနှင့် ဖေဖော်ဝါရီ နေ့ရက်များကို တတိတိ တိုက်စားလာခဲ့ပြီး အိမ်အိုကြီး ပတ်ပတ်လည်မှ ခပ်ပြင်းပြင်းဝှေ့ဝဲတိုက်ခတ်လာသော လေရူးများ၏ တရှဲရှဲညည်းတွားသံတို့နှင့်အတူ မတ်လထဲသို့ ချင်းနင်းဝင်ရောက်လာခဲ့လေသည်။ လျော့ရဲကျနေသော ခန်းဆီးမှ လေးတွဲစွာ တဖတ်ဖတ် မြည်သံများ ၊ ဂိတ်တံခါးဝဆီမှ ငြီးငွေ့ဖွယ် ကောင်းလောက်အောင် တကျွီကျွီမြည်နေသံများသည် နောက်ကျိနေသော စိတ်အဟုန်ကို အဆုံးစွန်ထိရောက်အောင် တွန်းပို့ရန် ကြိုးစားနေခဲ့ကြသည်။

ယခုရက်များအတွင်း ကစားနည်းအား ကစားရန်မှာ ပေါ်လီယာနာအတွက် မလွယ်ကူခဲ့ပေ။ သို့သော် သူသည် သစ္စာရှိရှိဖြင့် စွမ်းစွမ်းတမံ အပတ်တကုတ် ကြိုးစား၍ ကစားခဲ့သည်သာ ဖြစ်၏။ အန်တီပေါ်လီ သည်ကား လုံးဝပင် မကစားခဲ့ခြင်းကြောင့် ပေါ်လီယာနာအတွက် ပို၍ပင် ခက်ခဲခဲ့ရသည်။ အန်တီပေါ်လီသည် မသာမယာနှင့် စိတ်ထောင်းကိုယ်ကြေဖြစ်ကာ ကျန်းမာရေးသည်လည်း သိပ်ကောင်းလှသည်မရှိ။ ထို့ထက်ပို၍ကား စိတ်ဆင်းရဲရခြင်း၏ ဝဲဂယက်ထဲတွင် လုံးလုံးလျားလျား တိမ်မြုပ်သွားစေရန် သူ့ကိုယ်သူ စွန့်လွှတ်ထားခဲ့ပြီးလည်းဖြစ်နေခဲ့သည်။

ပေါ်လီယာနာသည် ယခုချိန်ထိတိုင်အောင် ပြိုင်ပွဲမှဆုအား မျှော်မှန်းနေသေး၏။ သို့သော်ငြား သူ၏ ပထမဆု မျှော်မှန်းချက်အား တခြားဆုအသေးလေးတစ်ခုဆီသို့ တစ်ထစ်လျှော့ချခဲ့သည်။ ပေါ်လီယာနာသည် ဇာတ်လမ်းပေါင်းများစွာ ရေးသားခဲ့ပြီး သူတို့သည် စာမူတည်းဖြတ်သူများထံသို့ လှည့်လည်ခရီးထွက်ရာမှ ပြန်လာခဲ့သည့် နောက်တွင်တော့ စာရေးဆရာမတစ်ယောက်ဖြစ်ရန် ဟူသည့် သူ၏ခိုင်ကျည်နေသော ယုံကြည်ချက်ကို စတင်၍ လှုပ်ကိုင်ခဲ့တော့သည်။

"ဒါလဲကောင်းတာပဲ။ ဘာဖြစ်ဖြစ် အန်တီပေါ်လီ ဒီကိစ္စနဲ့ ပတ်သက်လို့ ဘာတစ်ခုမှ မသိတဲ့အတွက် ငါဝမ်းသာနိုင်တယ်"

'ကျေးဇူးတင်ခြင်းများစွာဖြင့် ပယ်ချလိုက်ပါသည်' ဟူသော စကားစုအတွက် ဤသည်မှာ နောက်ထပ် ပျက်စီးသွားသော ဇာတ်လမ်းတစ်ပုဒ်မျှသာဖြစ်လေသည်ဟူ၍ မျှော်လင့်ထားသော စိတ်ကိုလျှော့ချလိုက်ကာ လက်ချောင်းကလေးများအား အချင်းချင်း လိမ်ကျစ်လျက် သူ့ကိုယ်သူ အားပေးနေ၏။

ပေါ်လီယာနာ ကြီးပြင်းလာခြင်းWhere stories live. Discover now