ပေါ်လီယာနာသည် ဂျင်မီ့ထံသို့ စာရေးခဲ့ပြီးသည့်ည၌ အလွန်ပင်ပျော်မြူးနေကာ ထိုကိစ္စအား သူ့တစ်ကိုယ်တည်း သိုဝှက်မထားနိုင်ခဲ့။ သူသည် ညစဉ်ညတိုင်း အိပ်ရာမဝင်ခင် အန်တီပေါ်လီ့ အခန်းသို့သွားကာ တစ်စုံတခု လိုအပ်နေသလားဟူ၍ အမြဲပင် သွားကာမေးမြန်းဖြစ်သည်။ ယနေ့ညတွင်လည်း ပုံမှန်အတိုင်း ပြောဆိုပြီးသည့်နောက် ပြန်ထွက်သွားရန် မီးကိုငြှိမ်းလိုက်ရင်းမှ ရုတ်တရက် လှုံ့ဆော်မှုတစ်ခုက သူ့အား အန်တီပေါ်လီ့ နံဘေးသို့ တွန်းပို့ပေးခဲ့သည်။ ထို့နောက် သူအသက်ရှုမဝသကဲ့သို့ တင်းတင်းကျပ်ကျပ်ဖြစ်လာကာ ဒူးထောက်ထိုင်ချလိုက်ရတော့၏။"အန်တီပေါ်လီ .. သမီး သိပ်ပျော်နေလို့ ... တစ်ယောက်ယောက်ကိုပြောပြမှ ဖြစ်တော့မယ်။ အန်တီ့ကို သမီးပြောပြချင်တယ်။ ရလားဟင်"
"ငါ့ကိုပြောပြမယ် !! ဘာပြောချင်တာလဲ ကလေး။ ဒါပေါ့ ငါ့ကို ပြောပြလို့ရတာပေါ့။ ဒါက ငါ့အတွက် ကောင်းတဲ့သတင်းလား .... "
"ဟုတ်တာပေါ့ အန်တီရဲ့ ... သမီးတော့ အဲသလို မျှော်လင့်ရတာပဲ"
"သမီးကတော့ အဲဒါက အန်တီ့ကို နည်းနည်း ဝမ်းသာစေမယ်လို့ထင်တာပဲ။ တစ်နေ့နေ့ကျရင် ဂျင်မီကိုယ်တိုင် အန်တီ့ကို ပြောလာလိမ့်မယ် ဆိုပေမဲ့ သမီး အရင် ပြောပြထားချင်လို့"
"ဂျင်မီ !!"
မစ္စက်ချစ်လ်တန် မျက်နှာ သိသိသာသာပင် ပြောင်းလဲသွား၏။
"ဟုတ်ကဲ့ ... သမီးအတွက် သူ ....သူ အန်တီ့ကို ... ပြောလာတဲ့ အချိန်ကျရင်လေ"
"အိုး ... သမီး .. သမီးတော့ အန်တီ့ကို ပြောပြရတာ သိပ်ပျော်တာပဲ !! "
"ညည်းအတွက် ငါ့ကို ပြောလာမယ် !! ပေါ်လီယာနာ !! "
မစ္စက်ချစ်လ်တန် အိပ်ရာထဲမှ ထထိုင်လိုက်ကာ
"ညည်းနဲ့ ဂျင်မီဘင်းန်ကြား အလေးအနက်ထားစရာ တစ်ခုခု ရှိနေပြီလို့တော့ ဆိုလိုတာ မဟုတ်ဘူးမလား"
ပေါ်လီယာနာ သွေးပျက် ချောက်ချားသွားသည်။
"ဘာလို့လဲ အန်တီပေါ်လီ ... အန်တီ ဂျင်မီ့ကို သဘောကျတယ်လို့ သမီးထင်နေခဲ့တာ !! "
YOU ARE READING
ပေါ်လီယာနာ ကြီးပြင်းလာခြင်း
No Ficciónပျော်ရွှင်စရာရယ်လို့ ရှိမယ်မထင်ရတဲ့ နေရာမှာ ပျော်ရွှင်ကြည်နူးစရာတွေဟာ ထုထည်ကြီးမားစွာ ရှိနေတတ်တယ်။ သစ်ရွက်လေး တစ်ရွက်တစ်လေတောင်မှ မြေပြင်ပေါ် ကြွေကျမလာလေဘူး။ သို့ပေမင့် တိတ်ဆိတ်ခြင်း ဒါမှမဟုတ် အသံတွေဆီကနေ ပျော်ရွှင်မှုတချို့ကို ဆုပ်ကိုင်ထားရမယ်။