စက်တင်ဘာလအလယ် မရောက်ခင်တွင်ပင် ကာရူးများနှင့် ဆာဒီဒင်းန်တို့ လက်ပြနှုတ်ဆက်ကာ ဘော်စတွန်သို့ ပြန်သွားခဲ့ကြသည်။ သူတို့အား သတိရနေမည်မှာ အမှန်ပင်ဖြစ်သော်လည်း ဗယ်လ်ဒင်စဗီးဘူတာမှ ရထားဘီးလုံး စတင်၍လှိမ့်ကာထွက်ခွာသွားချိန်တွင်တော့ ပေါ်လီယာနာ ပေါ့ပါးသွားဟန်ဖြင့် အမှန်ပင် သက်ပြင်းချလိုက်မိလေသည်။ ထိုစိတ်ခံစားချက်အား မည်သူတစ်ဦးတစ်ယောက်ကိုမှ ဖွင့်ဟဝန်ခံခြင်း မရှိခဲ့သည့်အပြင် ထိုကဲ့သို့တွေးမိခဲ့သည့် အတွေးများအတွက် သူ့ကိုယ်သူပင် တီးတိုးတောင်းပန်နေသေး၏။"သူတို့ တစ်ယောက်ချင်းစီကို တကယ်ပဲ မချစ်ခဲ့လို့ ဒီလိုမျိုး တွေးရတာ မဟုတ်ပါဘူး"
သံလမ်း၏ အကွေ့၌ ပျောက်ကွယ်သွားသော ရထားနောက်မြီးကို လှမ်းမျှော်ကြည့်နေရင်း သက်ပြင်းချလျက်ရေရွတ်နေသည်။
"ဒီ ... ဒီအတိုင်း သနားစရာကောင်းတဲ့ ဂျေမီအတွက် တစ်ချိန်လုံး ဝမ်းနည်းနေရတာ ငါ ... ငါ တအားပင်ပန်းလွန်းနေလို့ပါ။ ဒါပေမဲ့ သိပ်မကြာခင် ဂျင်မီနဲ့အတူ ဟိုအရင်ကလို အေးချမ်းခဲ့ရတဲ့နေ့တွေဆီ ပြန်သွားရတော့မှာမို့ ငါဝမ်းသာနိုင်ပါတယ်လေ"
သို့သော်လည်း ပေါ်လီယာနာသည် ငြိမ်းအေးခဲ့ရသော နေ့ရက်များဆီသို့ ဂျင်မီနှင့်အတူ ပြန်မသွားနိုင်ခဲ့။ ကာရူးတို့ ပြန်သွားခဲ့ပြီးသည်နှင့် နေ့ရက်များသည် ချက်ချင်း တိတ်ဆိတ်အေးချမ်းသွားသော်ငြား ဂျင်မီနှင့် အတူတကွ ဖြတ်ကျော်ခဲ့ရခြင်းတော့မဟုတ်။
ဂျင်မီသည် ယခုနောက်ပိုင်းတွင် အိမ်သို့ ရံဖန်ရံခါမှသာ လာခဲ့ကာ ရောက်လာခဲ့သည့် အချိန်တိုင်းလည်း သူသည် ဟိုးအရင်က သိကျွမ်းခဲ့ဖူးသော ဂျင်မီ မဟုတ်တော့။ တခါတရံတွင် စိတ်အပြောင်းအလဲမြန်ကာ အသက်မရှိသလို နှုတ်ဆိတ်နေတတ်ပြီး တခါတရံတွင်တော့ ကြောက်စရာကောင်းလောက်အောင်ပင် မြူးထူးနေကာ အင်မတန်နားငြီးလွန်းလှပြီး ထိုပုံစံမှာ ပို၍ပင် စိတ်ရှုပ်ထွေးရကာ အနှောင့်အယှက် ဖြစ်ရသည်။ သို့သော် များမကြာမီတွင် သူသည်လည်း ဘော်စတွန်သို့ ထွက်သွားခဲ့လေရာ ထိုအချိန်မှစ၍ သူ့အား နောက်ထပ်မမြင်ခဲ့ရတော့ခြင်းဖြစ်၏။
YOU ARE READING
ပေါ်လီယာနာ ကြီးပြင်းလာခြင်း
No Ficciónပျော်ရွှင်စရာရယ်လို့ ရှိမယ်မထင်ရတဲ့ နေရာမှာ ပျော်ရွှင်ကြည်နူးစရာတွေဟာ ထုထည်ကြီးမားစွာ ရှိနေတတ်တယ်။ သစ်ရွက်လေး တစ်ရွက်တစ်လေတောင်မှ မြေပြင်ပေါ် ကြွေကျမလာလေဘူး။ သို့ပေမင့် တိတ်ဆိတ်ခြင်း ဒါမှမဟုတ် အသံတွေဆီကနေ ပျော်ရွှင်မှုတချို့ကို ဆုပ်ကိုင်ထားရမယ်။