၂၄. ထလော့ ဂျင်မီ

13 2 0
                                    


အပြင်ပန်းအားဖြင့် ကြည့်မည်ဆိုလျှင် ခရီးသည် အောင်အောင်မြင်မြင်နှင့် ပြီးဆုံးခဲ့သည်ဟု ဆိုနိုင်သော်လည်း ထဲထဲဝင်ဝင် မြင်ကြည့်ပါလျှင်မူ ......

ပေါ်လီယာနာ တစ်ခါတစ်ရံ သိချင်မိသည်မှာ သူတစ်ဦးတည်းသာ ထိုကဲ့သို့ခံစားနေရသည်လား သို့တည်းမဟုတ် အမှန်တကယ်ပင် တစ်မူထူးခြား နေသည်လားတော့မသိ။ သူတို့ကြားထဲတွင် မည်သူတစ်ဦးယောက်ကမျှ ဖွင့်ဟထုတ်ဖော်ပြောဆို၍မရသည့် ကန့်သတ်ထားသောအရာ တစ်ခုခု ရှိနေသည်။ ထိုအရာအား အတိအကျ သူခံစားမိနေသကဲ့သို့ပင် အခြားသောသူများလည်း ခံစားသိရှိနေရကြောင်း သက်သေအထောက်အထားများကိုလည်း တွေ့ရှိနေရသည်။

ထို့ကဲ့သို့အရာအားလုံး ဖြစ်ပျက်ခဲ့ပြီးနောက် မြစ်ဝှမ်းသို့သွားခဲ့ရသည့် ခရီးစဉ်၏ နောက်ဆုံးရက်သည် ကံဆိုးလှသည့် ခရီးတိုတစ်ခုသာ ဖြစ်သည်ဟု မဆိုင်းမတွကောက်ချက်ချလိုက်တော့သည်။

ပို၍အသေအချာ ပြန်လည်ပြောဆိုရမည်ဆိုလျှင် သူနှင့်ဂျင်မီသည် အလွယ်တကူပင် ဂျေမီ့အား မှီလာခဲ့ပြီးနောက် မြစ်ဝှမ်းဆီသို့ သူတို့နှင်အတူ ပြန်လိုက်ခဲ့ပါရန် ချော့မော့ဖျောင်းဖျကာ ပြန်ခေါ်လာခဲ့သည်။ သို့သော် အားလုံးသည် သာမန်ကိစ္စလေးတစ်ခု အဖြစ်သာ သဘောထား၍ ဘာတစ်ခုမှ မဖြစ်ခဲ့သည့်နှယ် ကြိုးစားဟန်ဆောင်နေကြသော်လည်း မည်သူမျှ မအောင်မြင်ခဲ့ကြ။ ပေါ်လီယာနာ၊ ဂျေမီ နှင့် ဂျင်မီမှာ ပို၍ပင် ပျော်ရွှင်မြူးထူးနေဟန် ဖြစ်ကောင်းဖြစ်နေပေမည်။ ကျန်ရှိသောသူများမှာ မည်သို့သော ကိစ္စဖြစ်ပွားခဲ့သည်ကို အတိတကျ မသိကြသော်လည်း တစ်စုံတစ်ခု မူမမှန် ဖြစ်နေသည်ကိုတော့ အထင်အရှားပင် ခံစားမိခဲ့ကာ သူတို့ခံစားသိရှိနေကြောင်းကိုတော့ ကြိုးစား၍ပင် ဖုံးကွယ်ခဲ့ကြသည်မှာ ပေါ်လွင်နေသည်။

ထိုကဲ့သို့သော အခြေအနေမျိုးတွင် စိတ်လွတ်ကိုယ်လွတ်နှင့် ပျော်ရွှင်ရန်ဆိုသည်မှာကား မေးခွန်းထုတ်စရာပင် မလိုအပ်တော့။ မျှော်မှန်းထားခဲ့ရသည့် ထူးကဲလှသော ငါးဟင်းဖြင့် တည်ခင်းမည့် ညစာသည်လည်း အရသာ မရှိနိုင်တော့။ သို့နှင့် နေ့လည်ခင်းအစောပိုင်း၌ပင် စခန်းချရာဆီသို့ ပြန်လာခဲ့ကြတော့သည်။

ပေါ်လီယာနာ ကြီးပြင်းလာခြင်းWhere stories live. Discover now