၁၁. မစ္စက်ကာရူး အံ့အားသင့်ရခြင်း

23 3 0
                                    


ပြုပြင်ပြောင်းလဲရေး ကိစ္စများအား ကျွမ်းကျွမ်းကျင်နှင့် အောင်အောင်မြင်မြင် လုပ်နိုင်ခဲ့ပြီးသည့်နောက် မစ္စက်ကာရူးသည် သူ့ဝတ္တရားများ ပြီးစီးသွားခဲ့ပြီဟု သူ့ကိုယ်သူ ဆိုလိုက်၍ ထိုကိစ္စကို ပြည်ဖုံးကားချကာ မေ့ပစ်လိုက်တော့သည်။

ထိုကောင်လေးသည်လည်း ဂျေမီမဟုတ် ..... သူသည် ဂျေမီ မဖြစ်နိုင်။ ထိုကဲ့သို့ သွေးကြီးလွန်းသော၊ နာမကျန်းဖြစ်ကာ ချူချာနေသော၊ ခြေထောက်ကျိုးနေသော ကောင်လေးသည် သူ၏သေသွားပြီဖြစ်သော အစ်မကြီး၏ သားတဲ့လား .... ဘယ်လိုနည်းနှင့်မှ မဖြစ်နိုင် ...!!!

ဤကဲ့သို့သော အတွေးများနှင့်အတူ ဖြစ်စဉ်တစ်ခုလုံးအား ပြန်ပြောင်းစဉ်းစားကာ တစ်ယောက်တည်း ပြဇာတ်ကနေတော့သည်။

သို့သော် ထို ဖြစ်ရပ်တစ်ခုလုံးသည် သူ့အတွေးတွင် ပါဝင်ကပြရန် ငြင်းဆန်ဟန့်တားလျက် ရှိနေကာ မစ္စက်ကာရူး ကိုယ်တိုင်ပင် ထိုအဟန့်အတားများအား မကျော်လွှားနိုင်ဖြစ်ရပြီး သူ၏ မယိမ်းမယိုင် တည်ငြိမ်သည်ဟု ထင်ရသော စိတ်ဓာတ်တို့ကို သူကိုယ်တိုင်ပင် ဆန့်ကျင်နေမိသည်။

ဝမ်းနည်းနေသော ကောင်လေး၏မျက်နှာ၊ ဘာဆိုဘာမှမရှိ ဗလာသက်သက် ဖြစ်နေသော အခန်းငယ်လေး အစရှိသဖြင့် အားလုံးသည် သူ့မျက်လုံးထဲတွင် ရုပ်ပုံကားချပ်တစ်ခု အဖြစ် အမြဲတမ်း နေရာယူနေသည်။ သူ့နားထဲတွင်လည်း "အကယ်၍ ဂျေမီသာ ဖြစ်ခဲ့လျှင်" ဆိုသည့် အသံသည် နှလုံးသားအား ကွဲကြေမတတ် ဖြစ်ရစေသည်။

ထိုထဲတွင် ပေါ်လီယာနာသည်လည်း မပါမဖြစ်။ ကလေးမလေး၏ လျှာဖျားမှ ထွက်လာသော တောင်းဆိုမှုများ၊ မေးခွန်းများကို သူလျစ်လျူရှုထားနိုင်သော်လည်း (အမှန်တကယ်ပင် လျစ်လျူရှုခဲ့သည်) ၊ ရှုံ့ချလိုသော၊ အပြစ်တင်ဝေဖန်လိုသော မျက်ဝန်းများ၏ အဝေးမှ ရှောင်ပြေးရန်ကား မတတ်နိုင်ခဲ့။

ဒုတိယအကြိမ်အဖြစ် မစ္စက်ကာရူးသည် အရဲစွန့်ကာ ကောင်လေးအား တွေ့ရန်ထပ်သွားခဲ့ပြီး ထိုကောင်လေးသည် သူရှာနေခဲ့သောသူ မဟုတ်ကြောင်း အတည်ပြုရန် သက်သက်သာ ဖြစ်သည်ဟု သူ့ကိုယ်သူ အကြိမ်ကြိမ် သတိပေးနေခဲ့သည်။ သို့သော် ကောင်လေးရှိရာသို့ ရောက်သည်နှင့် အတည်ပြုရန်သာ ဟု သူ့ကိုယ်သူ ပြောခဲ့လေသမျှ အားလုံးသည် ချက်ချင်း လွင့်စင်သွားကာ မေးခဲ့ပြီးသော မေးခွန်းများနှင့်သာ တဝဲလည်လည် ဖြစ်ခဲ့ရပြန်သည်။

ပေါ်လီယာနာ ကြီးပြင်းလာခြင်းWhere stories live. Discover now