၅. ပေါ်လီယာနာ လမ်းလျှောက်ထွက်ခြင်း

33 5 0
                                    



ဒုတိယမြောက် စနေနေ့ နေ့လည်ခင်းတွင် ပေါ်လီယာနာသည် သူ၏ မမေ့နိုင်စရာ လမ်းလျှောက်ထွက်ခြင်း အတွေ့အကြုံကို ရခဲ့သည်။ ထိုအရင်က ပေါ်လီယာနာသည် ကျောင်းသွားကျောင်းပြန် လုပ်ခြင်းမှအပ တစ်ယောက်တည်း တစ်ခါမျှ လမ်းလျှောက် မထွက်ခဲ့ဖူး။

မစ္စက်ကာရူးသည် ပုံမှန်အားဖြင့် တားမြစ်လေ့မရှိသော်လည်း ဘော်စတွန်လမ်းများအား ကိုယ်တိုင် စူးစမ်းရှာဖွေရန် ကြံစည်အားထုတ်မှုသည်ကား သူ့ကြောင့် ဘယ်သောအခါမှအထမမြောက်ခဲ့။ ဗယ်လ်ဒင်စဗီးတွင်ရှိစဉ်က ပေါ်လီယာနာသည် အထူးသဖြင့် စရောက်ရောက်ချင်း အချိန်ကာလက ရွာလမ်းဟောင်းတစ်လျှောက် လှည့်ပတ်သွားကာ သူငယ်ချင်းအသစ်များ နှင့် စွန့်စားမှုအသစ်များကို ရှာဖွေခဲ့သည်သာ ဖြစ်၏။

ထိုစနေနေ့ နေ့လည်ခင်းတွင်တော့ မစ္စက်ကာရူးသည်

"ဝေးဝေးမှာသွားနေစမ်းပါ ကလေးရယ်၊ သွား .... ကြိုက်တဲ့နေရာသွားပြီး ကြိုက်တာသာ သွားလုပ်နေစမ်းပါ။ ငါ့ကို ဒီနေ့အတွက် နောက်ထပ်မေးခွန်းတွေသာ ထပ်မမေးစမ်းနဲ့တော့ ...! "

ဟူ၍ မကြာခဏ ပြောခဲ့သည်။

ဒီနေ့ဒီအချိန်ထိ ပေါ်လီယာနာသည် နံရံလေးဖက်အတွင်းရှိ အိမ်ထဲမှာသာ စိတ်ဝင်စားစရာ အများအပြား ရှာဖွေခဲ့ဖူးသည်။ သက်မဲ့ပစ္စည်းများအပေါ် ၌ ငြီးငွေ့သွားလျှင် မေရီ၊ ဂျန်နီ၊ ဘရစ်ဂျက် နှင့် ပါကင်းစ် တို့ထံတွင်သာ။ သို့သော် ယနေ့တွင်တော့ မေရီသည် ခေါင်းကိုက်နေသည်။ ဂျန်နီမှာ ဦးထုပ်အသစ်တစ်လုံး ချုပ်နေပြီး ဘရစ်ဂျက်သည်လည်း ပန်းသီးအစာသွတ်မုန့် လုပ်နေသည်။ ပါကင်းစ်ကိုတော့ ဘယ်နေရာမှာမှမတွေ့မိ။

ထို့အပြင် ဒီနေ့သည် လှပသော စက်တင်ဘာလ၏ နေ့ရက်တရက် ဖြစ်ကာ ပြင်ပရှိ စိတ်အေးချမ်းစေသော လေနုအေးကလေးနှင့် တောက်ပသော နေရောင်ခြည်တို့ထက် အိမ်တွင်းရှိ မည်သို့သောအရာကမျှ သူ့အား မဆွဲဆောင်ထားနိုင်။ သို့နှင့် ပေါ်လီယာနာသည် အပြင်ဘက်သို့ခြေဆန့်ကာ ထွက်ခဲ့တော့သည်။

အချိန်တခဏတော့ သူသည် အိမ်ရာဝင်း၏ အလယ်မှ အနိမ့်အမြင့်ပြုလုပ်ကာ ချဲ့ထွင်ထားသော လမ်းကလေးကို ဖြတ်၍ အေးအေးဆေးဆေး လမ်းလျှောက်ကာ အနားယူနေသော သို့တည်းမဟုတ် အိမ်ဘေးမှ သုတ်သီးသုတ်ပြာ ဖြတ်လျှောက်သွားသော ဝတ်ကောင်းစားလှဝတ်ဆင်ထားသည့် လူကြီးများ၊ မိန်းမကြီးများနှင့် ကလေးများအား တိတ်တဆိတ် ကြည့်နေခဲ့၏။ ထို့နောက် သူသည် ရပ်နေရာမှ ညာဘက် ထို့နောက် ဘယ်ဘက်ကို ကြည့်လိုက်သည်။

ပေါ်လီယာနာ ကြီးပြင်းလာခြင်းWhere stories live. Discover now