သူတို့အားလုံးသည် တက်ကြွလန်းဆန်းနေကာ ဝါသနာ အကြိုက်ချင်းတူညီကြသူ ခြောက်ဦး စုဖွဲ့နေကြသည့် အသင်းတစ်ခုကဲ့သို့ပင်။ နေ့ရက်တိုင်းတွင် ပျော်ရွှင်စရာ အသစ်အဆန်းများမှာ ကုန်ဆုံးနိုင်ဖွယ်ရာရှိမည့်ပုံ မပေါ်သည့်အပြင် မိတ်ဆွေအပေါင်းအဖော် များ၏ တစ်ခါမှ မြင်တွေ့ခဲ့ဖူးခြင်းမရှိသေးသော နှစ်လိုဖွယ်ရာ ဆွဲဆောင်မှုအသစ်များကပင် ယခုလက်ရှိ သူတို့နေ နေရသော ဘဝအသစ်တစ်ခု၏ တစ်စိတ်တစ်ဒေသ ကဲ့သို့ဖြစ်နေတော့၏။ဂျေမီသည် တစ်ည၌ ဤသို့ ပြောခဲ့၏။ သူတို့အားလုံး မီးပုံဘေး စုထိုင်နေကြချိန်တွင် ဖြစ်သည်။
"ကြည့်စမ်း ... ငါတို့အားလုံး ဒီတောအုပ်ထဲမှာ အချင်းချင်း ပိုပြီး သိလာကြသလိုပဲ..... မြို့ထဲကတစ်နှစ်ထက် တောအုပ်ထဲက တစ်ပါတ်အတွင်းမှာလေ"
"တို့လဲတွေးမိတယ်... ဘာကြောင့်လဲ မသိဘူးနော်"
မစ္စက်ကာရူး ကခုန်နေသော မီးတောက်များဆီသို့ ခပ်တွေတွေ စိုက်ကြည့်ရင်း ရေရွတ်လိုက်သည်။
"အဲဒါက လေထုထဲမှာ တစ်ခုခုရှိနေတာကြောင့်လို့တော့ ထင်တာပဲ"
ပေါ်လီယာနာ ပြုံးရွှင်စွာ သက်ပြင်းချ ပြောလိုက်ပြီး ဆက်၍
"ကောင်းကင်ကြီးရယ်၊ တောအုပ်ကလေးရယ် ပြီးတော့ ရေကန်လေးရယ် ..... အားလုံး ... အားလုံး ပြီးပြည့်စုံနေတာ ... အဲဒါတွေကြောင့်ပဲ"
"မင်းဆိုလိုတာက ကမ္ဘာလောကကြီးက ဆိတ်ငြိမ်ပြီး ရပ်တန့်သွားတာကြောင့်လို့ ပြောချင်တာ ထင်တယ်"
ဆာဒီဒင်းန်ပြောလိုက်ကာ သူ့အသံမှာ အနည်းငယ် ကွဲအက်နေသည်မှာ အထင်အရှားပင် ။ (ဆာဒီဒင်းန်သည် ပေါ်လီယာနာ၏ ပြတ်တောင်းတောင်းစကား အဆုံးတွင် လိုက်မရယ်ခဲ့)
"ဒီနေရာမှာ အရာအားလုံးက အစစ်အမှန်နဲ့ အမှန်တရားတွေကြီးပဲ ... ငါတို့လဲ ငါတို့ရဲ့ တကယ့် အစစ်အမှန်ကို မြင်နိုင်တယ် ..... လောကကြီးကပြောသလို ငါတို့က ချမ်းသာလို့၊ ဆင်းရဲလို့၊ ကြီးမြတ်လို့ ၊နှိမ့်ချတတ်လို့ ဆိုတာမျိုးတွေကြောင့်မဟုတ်ပဲနဲ့လေ ....... ဒါပေမဲ့ ငါတို့ကိုယ်တိုင်ရဲ့ တကယ့်အစစ်အမှန်က ဘာလဲ"
YOU ARE READING
ပေါ်လီယာနာ ကြီးပြင်းလာခြင်း
Literatura Faktuပျော်ရွှင်စရာရယ်လို့ ရှိမယ်မထင်ရတဲ့ နေရာမှာ ပျော်ရွှင်ကြည်နူးစရာတွေဟာ ထုထည်ကြီးမားစွာ ရှိနေတတ်တယ်။ သစ်ရွက်လေး တစ်ရွက်တစ်လေတောင်မှ မြေပြင်ပေါ် ကြွေကျမလာလေဘူး။ သို့ပေမင့် တိတ်ဆိတ်ခြင်း ဒါမှမဟုတ် အသံတွေဆီကနေ ပျော်ရွှင်မှုတချို့ကို ဆုပ်ကိုင်ထားရမယ်။