၁၉. စာနှစ်စောင်

13 3 0
                                    


ဤသို့ဖြင့် ဂျွန်လ၏နောက်ဆုံးပါတ်တွင် ပေါ်လီယာနာထံသို့ ဒယ်လာဝယ်သာဘီမှ စာရေးလာခဲ့၏။

(မစ္စဝယ်သာဘီရေးခဲ့သည်မှာ)

သမီးရဲ့အကြံဉာဏ်လေး လိုချင်လို့ တို့စာရေးလိုက်တာပါကွယ်။ ဗယ်လ်ဒင်စဗီးမှာ မိသားစုသီးသီးသန့်သန့်တည်းခိုလို့ရတဲ့ နေရာတွေဘာတွေများ သမီးသိမလား။ တို့ရဲ့အစ်မကြီးတို့ နွေရာသီ ခရီးအတွက် နေချင်လို့ပါ။ သုံးယောက်တော့ လာဖြစ်လိမ့်မယ် ... မစ္စက်ကာရူးရယ်၊ သူ့အတွင်းရေးမှူး နဲ့ သူ့မွေးစားသား ဂျေမီတို့လေ (ဂျေမီ့ကို သတိရသေးတယ်မလား) ။ သူတို့က ပုံမှန်ဟိုတယ်တို့ တည်းခိုဆောင်တို့လိုမျိုးတွေမှာ မနေချင်ဘူးဆိုလို့လေ။

တို့အစ်မကြီးက တအားကို အလုပ်တွေနဲ့ ပင်ပန်းနေလို့ ဒေါက်တာက အသေအချာလေး အပန်းဖြေ အနားယူလို့ရမဲ့ ကျေးလက်ဒေသတစ်ခုခုကို အလည်သွား စေချင်နေတာလေ။ သူအကြံပေးတာတော့ ဗာမွန့်တ် ဒါမှမဟုတ် နယူးဟမ့်ရှိုင်းယား တစ်ခုခုပေါ့။

အဲဒါနဲ့ တို့တွေ သမီးလေးနဲ့ ဗယ်လ်ဒင်စဗီးကို ချက်ချင်း တွေးမိသွားတာ။ ဖြစ်နိုင်မယ်ဆိုရင် တို့တွေအတွက် နေရာကောင်း တစ်ခုခုလောက်များ သမီး အကြံပေးနိုင်မလား။ သမီးလေးဆီ တို့ရေးလိုက်မယ်လို့ ရုသ်ကိုလဲ ပြောထားတယ်။ သူတို့ကတော့ ဖြစ်နိုင်ရင် ဂျုလိုင်အစောပိုင်းလောက်ကို လာချင်နေကြတယ်။ ဒါက သမီးအတွက် အလောသုံးဆယ်နိုင်တယ်ဆိုတာသိပေမဲ့ အဆင်ပြေမဲ့နေရာလေး သိတယ်ဆိုရင် တို့ကို ပြန်ပြောပေးလို့ ရနိုင်မလား။ တို့ဆီပဲ စာပြန်ရေးလိုက်နော်။ တို့အစ်မကြီးက တို့နဲ့အတူ အခု ဆန်နာတိုရီယမ်မှာ တစ်ပါတ်လောက် ကုသမှုခံယူနေရတယ်။

သင့်တော်တဲ့အကြံဉာဏ်ရနိုင်မယ်လို့ မျှော်လင့်လျက်
လှိုက်လှဲစွာဖြင့်
ဒယ်လာဝယ်သာဘီ

စာကြောင်းဆုံးသွားပြီး မိနစ်အနည်းငယ်လောက်အထိ ပေါ်လီယာနာသည် မျက်ခုံးများကို စုကျုံ့လျက် သူ့မိတ်ဆွေဟောင်းများအတွက် ဗယ်လ်ဒင်စဗီးတွင် အဆင်ပြေနိုင်လောက်မည့် တည်းခိုဆောင်ကို စိတ်မှန်းဖြင့် ရှာဖွေနေ၏။ ထို့နောက် တစ်စုံတစ်ခုအား တွေးမိလိုက်သကဲ့သို့ ရုတ်တရက် ပြောင်းလဲသွားပြီး အလွန်အံ့ဩပျော်ရွှင်မှု နှင့်အတူ သူ့အဒေါ်ရှိနေရာ ဧည့်ခန်းဆီသို့ ကပျာကယာ ပြေးသွားကာ အမောတကောနှင့်ခေါ်လိုက်သည်။

ပေါ်လီယာနာ ကြီးပြင်းလာခြင်းWhere stories live. Discover now