၂၈. ဂျင်မီနှင့်ဂျေမီ

8 1 0
                                    



ထိုဆောင်းရာသီအတွင်း ပေါ်လီယာနာ တစ်ဦးတည်းသာ အခက်အခဲများစွာနှင့် ရင်ဆိုင်ရသည်မဟုတ်။ ဘော်စတွန်ရှိ ဂျင်မီပင်ဒယ်လ်တန်သည်လည်း သူ့အတွေးနှင့် အချိန်များအား လစ်လပ်မှုမရှိစေရန် အားသွန်ခွန်စိုက် ကြိုးပမ်းခဲ့သော်ငြား ရယ်မောနေသော မျက်လုံးပြာကလေးများအား အမြင်အာရုံထဲမှ ဖျောက်ဖျက်၍မရနိုင်ခဲ့သည့်အပြင် မြတ်နိုးစရာကောင်းသော အသံချိုချိုကလေးအား မှတ်ဉာဏ်ထဲမှ ထုတ်ပစ်ခြင်းငှာ မတတ်နိုင်ခဲ့။

ဂျင်မီသည် သူ့ကိုယ်သူ ပြန်ပြောနေခဲ့မိသည်မှာ အကယ်၍များ သူသည်သာ မစ္စက်ကာရူးအား အကူအညီပေးရန် အချို့သောကိစ္စရပ်များအတွက် အသုံးဝင်ခြင်းမရှိခဲ့ပါလျှင်မူ ဘဝသည် အသက်ရှင်နေထိုင်ရန်ပင် မထိုက်တန်ဟူ၍ဖြစ်၏။ မစ္စက်ကာရူးသည်ပင် အလုံးစုံမပျော်နိုင်။ အမြဲလိုလို ဂျေမီကြောင့်သာဖြစ်၏။ ထိုမှတဆင့် ဂျေမီ့အား စဉ်းစားမိလျှင် ပေါ်လီယာနာသည် အတွေးထဲသို့ ရောက်လာပြန်သည်။ မပျော်ရွှင်ရသော အတွေးများသာ .....

ဂျေမီနှင့် ပေါ်လီယာနာ သည် အချင်းချင်း ဂရုတစိုက်ရှိနေကြသည်ဟုပင် အခိုင်အမာယုံကြည်နေသည်နှင့်ထပ်တူ မသန်စွမ်းသော ဂျေမီအား အခွင့်အရေး အပြည့်အဝပေးကာ ခြေတစ်လှမ်းဆုတ်၍ ရှောင်ဖယ်နေပေးခြင်းက ဂုဏ်သိက္ခာရှိလှသည်ဟုလည်း သူ့ကိုယ်သူ လက်ခံထားသောကြောင့် ထို့ထက်ပို၍ မေးခွန်းထုတ်စရာ ဘယ်သောအခါမျှ ရှိမလာနိုင်တော့။

ပေါ်လီယာနာ့ အကြောင်းများအား ပြောလည်းမပြောချင်၊ ကြားလည်းမကြားချင်။ မစ္စက်ကာရူးနှင့် ဂျေမီ့တို့ နှစ်ဦးစလုံး သူ(မ)ထံမှကြားသိရသော အကြောင်းအရာများအား စကားစပ်၍ပြောမိကြသည့်အခါများတွင် နှလုံးသား နာကျင်ရသော်လည်း သူ့ကိုယ်သူ ဖိအားပေး၍ နားထောင်စေခဲ့သည်။ သို့သော်ငြား သူတို့ ပြောနေကြသော ခေါင်းစဉ်အား အမြဲတစေပင် တတ်နိုင်သမျှ မြန်မြန်ဆန်ဆန်လှီးလွှဲပစ်ခဲ့သည်သာဖြစ်၏။ ထို့ပြင် သူ့ထံသို့ တစ်ခါတရံမှ ပေးပို့ခဲ့သော စာများကိုလည်း အတတ်နိုင်ဆုံး အတိုချုံးကာ စာတိုအနေဖြင့်သာ ရေးဖြစ်ခဲ့သည်။

ပေါ်လီယာနာ ကြီးပြင်းလာခြင်းWhere stories live. Discover now