zawgyi
လွန်ခဲ့သော ၄နှစ်ကျော် အချိန်လောက်တုန်းက Taehyungမှာ သူငယ်ချင်းတစ်ယောက် ရှိခဲ့တယ်..။
အဲ့ဒီ့အချိန်တုန်းက ဖခင်ဖြစ်သူက အမတ်လောင်းဖြစ်၍ ပြည်သူလူထု၏ အမြင်ကောင်းကိုရချင်သည့် အမတ်လောင်းKimသည် Taehyungကို လူတန်းစားအစုံတက်ရောက်နိုင်သည့် သာမန်အစိုးရအလယ်တန်းကျောင်းမှာသာ တက်ရောက်စေခဲ့သည် ။
သို့ပေမယ့် ကျောင်းသို့လာတိုင်း တောက်ပြောင်နက်မှောင်သည့်ဇိမ်ခံကား၊ Bodyguard နှစ်ဦးခြံရံလျက် ကျောင်းလာတက်ရသည့်Taehyungကို အတန်းသားတစ်ချို့က ဖခင်၏အရှိန်အဝါကြောင့် ကပ်ဖားကြသလို တစ်ချို့ကတော့ အမြင်ကတ်ကြသည် ။
Taehyungဟာလည်း ထိုသို့သူအပေါ်ထားရှိသည့် အတန်းဖော်တွေ၏စိတ်ထားတွေကို သောက်ဂရုကိုမစိုက် ။
Bodyguardတွေကိုလည်း မလှိမ့်တပတ်နှင့် လှည့်လှည့်ထွက်ပြီး မိမိကိုယ်ကိုယ် ခြေဦးတည့်ရာသွားသည်၊ လုပ်ချင်ရာလုပ်သည် ။
Taehyung၏ဒဏ်ကို မခံနိုင်၍ တစ်ယောက်ပြီးတစ်ယောက် နှုတ်ထွက်သွားကြသည့် Bodyguardများက မြဲကိုမမြဲ ။
လူကိုယ်တိုင်ကျတော့ ဂရုစိုက်အချိန်တစ်ချက်မှမပေးဘဲ ပစ်ထားပြီး Bodyguardတွေခြံရံခိုင်းပြီး အပိုလုပ်နေသည့်ဖခင်ဖြစ်သူကို အရွဲ့တိုက်ချင်သည့် Taehyungသည် ဘယ်သောအခါမျှ ငြိမ်ငြိမ်မနေဘဲ ပြဿနာပေါင်းစုံရှာသည်၊ Bodyguardတွေကို အကျပ်ရိုက်အောင်လုပ်တတ်သည် ။
အခုလည်း အတန်းချိန်လစ်ပြီး ကျောင်းခေါင်မိုးထပ်က စာသင်ခုံအဟောင်းတွေကိုဆက်လျက် တက်လဲအိပ်နေသည့်Taehyung ။
အမတ်လောင်းKim ခန့်ထားသည့် Bodyguardတွေကတော့ ထုံးစံအတိုင်း သူ့ကိုခေါင်းမီးတောက်အောင် ရှာဖွေနေကြပေလိမ့်မည် ။
လေတဖြူးဖြူး တိုက်ခတ်နေသည့် လေတိုးသံတွေသာ ကြားရလျက်ဆိတ်ငြိမ်နေသည့် ခေါင်မိုးထပ်ကို တစ်စုံတစ်ယောက်က တက်လာခဲ့ကာ ရေသံလိုလို ပစ္စည်းရွှေ့သံလိုလိုတွေက Taehyung နားထဲဝင်လာသည့်အခါ စိတ်ရှုပ်စွာနှင့်ခေါင်းထောင်ကြည့်မိလိုက်သည် ။
ခေါင်မိုးထပ်မှာ စီတန်းထားရှိထားသည့် ပန်းအိုးတွေကို အရိပ်ရှိရာအောက် တကုပ်ကုပ်ရွှေ့ပြောင်းနေသော ခပ်သေးသေးကောင်လေးတစ်ဦး ။
ဘယ်ကနေခပ်လာသည်မသိသော ရေပုံးအဟောင်းကြီးထဲကနေလည်း ခွက်လေးတစ်ခုနှင့် ထိုပန်းအိုးထဲက သစ်ပင်ပန်းမန်တွေကို ရေလောင်းပေါင်းသင်နေသည့်အခါ မှုန်ကုပ်လျက်ရှိနေသည့် Taehyung၏မျက်မှောင်တို့က တဖြည်းဖြည်း ပြေလျော့သွားသည် ။