အပိုင်း (၁၅)

209 15 0
                                    

" ဒေရာသင်္ခ "
အပိုင်း (၁၅)

ညနက်နက် အချိန်တွင် ဆေးရုံကြီးတစ်ခု၏
ပြင်ပ လူနာဌာန ရှေ့တွင် ကားတစ်စီးက အလောတကော ထိုးရပ်လာသည်။

"ကျုပ်သူငယ်ချင်းကို ကယ်ကြပါဦး ။ "
ဒေရဿ၏ အသံက ဟိန်း၍ ထွက်လာတော့
သူနာပြုများလည်း လန့်သွားကြသည်။ လူနာတင် ထော်လီ ကြီးကို တွန်း၍ ရောက်လာကြသည်။

"အယ် သေနတ် ဒဏ်ရာကြီး ..."
ထော်လီတွန်း၍ လူနာတင်ရန် ကြည့်လာသော
သူနာပြု တစ်ဦးက ရုတ်တရက် လန့်အော်လိုက်သည်။

"သေနတ်ဒဏ်ရာတွေက ရဲအရေးပိုင်တာမလို့
မှုခင်းဌာန ကို အရင် သတင်းပို့ရမှာ "

"ဒီမှာ ကောင်မလေး။ မင်းတို့ ဆေးရုံပိုင်ရှင်
ကိုအောင်မြတ်က ငါ့သူငယ်ချင်း ၊ဟုတ်ပလား။
အခုချက်ချင်း လူနာကို အရေးပေါ်ခွဲစိတ်ဖို့
လုပ်စမ်း။ "
ဒေရဿက အံကို ကြိတ်ကာ ပြောလာတော့
သူနာပြုတွေလည်း ကြောက်ကုန်ကြသည်။

"ငါပြောတာ မကြားဖူးလား။
ကျန်တဲ့ကိစ္စ ငါရှင်းမယ်။ အခု လူနာရဲ့
အသက်က ပိုအရေးကြီးတယ် "
အရေးပေါ်ဌာန တစ်ခုလုံး လွှမ်းအောင် အော်လိုက်သော ဒေရဿ၏ အသံကြောင့် သူနာပြုများလည်း မေ့မြောနေသော မြတ်နေသာကို ထော်လီပေါ် တင်၍ အရေးပေါ်အခန်းဆီ တွန်းသွားလိုက်သည်။

"နေသာ။ ဟေ့ကောင် မင်း ဘာမှ မဖြစ်ရဘူးနော်။
မင်းက ငါ့ရဲ့ တစ်ဦးတည်းသော သူငယ်ချင်းလေကွာ။ ဟေ့ကောင် အားတင်းထားဦး "
ဒေရဿက ထော်လီဘေးတွင် ကပ်လျက် လိုက်ပါလာပြီး မြတ်နေသာ၏ လက်ကို ကိုင်ကာ
တတွတ်တွတ် ပြောနေသည်။

"လူနာရှင်အကို ၊ အပြင်မှာ စောင့်ပေးပါရှင့် "
အရေးပေါ်ခွဲစိတ်ခန်းထဲသို့ မြတ်နေသာ ဝင်သွားပြီးသည့်နောက် ဒေရဿက အခန်းရှေ့တွင်
ထိုင်စောင့်နေသည်။ မျက်ရည်များက တသွင်သွင် စီးကျလာသည်။

"ဆရာ ဆရာ ... ကိုနေသာ အခြေအနေကောင်းမှာပါ။ ဆရာ့ဒဏ်ရာတွေ ဆေးထည့် ..."

"သွားစမ်းဟေ့ကောင်။ ဟူး...... ငါ့စိတ်တွေ
ထိန်းရနေတာမဟုတ်ဘူး။ မင်းတို့ကို သတ်မိလိမ့်မယ်။ သွားစမ်း အခု "
ဒေရဿ တပည့်တွေကို အော်ထုတ်လိုက်သည်။

" ဒေရာသင်္ခ "Where stories live. Discover now