Chapter 4

2.1K 206 6
                                        

Uni

"သား ဘာဖြစ်လာတာလဲ"

ဘယ်သူ့ကိုမှ မပြောရဲလို့ ခြံနှစ်ခုအစပ်နား တိတ်တိတ်လေး ထိုင်နေတုန်း နောက်ကျောဘက်ကနေ အန်တီမြတ်အသံကို ကြားလိုက်ရသည်။ သူ့စိတ်ထဲဒိန်းခနဲဖြစ်သွားကာ စိတ်ညစ်သွားမိသည်။ အမေသိသွားလျှင်တောင် တော်ဦးမည်။ အန်တီမြတ်ကတော့ သူ့ကိုဆို သည်းသည်းလှုပ်။ ခြင်ကိုက်တာတောင် မခံနိုင်တာ ဒီလိုကိစ္စမျိုးဆိုရင်တော့...

"ဟိုဟာ သား ဘာမှမလုပ်ပါဘူး။ ဒီတိုင်းလေး ထိုင်နေတာပါ"

အန်တီမြတ်က ဘာမှပြန်မဖြေပေ။ ‌တစ်စုံတစ်ခုကို သိနှင့်နေပြီးသားပုံမျိုးဖြင့် ခပ်သွက်သွက်လျှောက်လာကာ သုတအရှေ့၌ ထိုင်ချလာသည်။

"မှန်းစမ်း"

မဝံ့မရဲ ငုံ့ထားသော မေးဖျားကို ဆွဲယူ၍ မျက်မှောင်ကုတ်ကြည့်၏။ သူလည်း မပြောပါဘဲနှင့် သူ့မျက်နှာမှာ ဒဏ်ရာဖြစ်လာတယ်ဆိုတာ အန်တီမြတ်ဘယ်လို သိနှင့်လဲ မသိတော့။

"ဘာဖြစ်တာလဲ"

ပါးတစ်ခြမ်းယောင်နေတာတွေ့တော့ အန်တီ့မျက်နှာက ပိုတင်းလာသည်။ သို့သော် သူလန့်မှာစိုးလို့ထင်သည်။ လေသံက ခပ်လျော့လျော့ပင်။

"ဟို သားက မော်နီတာမလား။ အဲ့တာ အတန်းထဲကကောင်တွေ ရန်ဖြစ်တော့ ဝင်ထိန်းရင်း နည်းနည်းထိတာပါ။ သူတို့ကလည်း မရည်ရွယ်ပါဘူး။ သားဘာသားဖြစ်တာ"

သူ့လေသံကိုကြားတော့ အန်တီမြတ်က သူ့ကို အကြာကြီး စူးစိုက်ကြည့်၏။ သူ သေချာသိပြီးသားပင်။ အန်တီမြတ်က သူ ရန်ဖြစ်လာတယ်ဆိုရင်တောင် ဆူမှာမဟုတ်ပေမဲ့ ဒဏ်ရာရတာတော့ လုံးဝမကြိုက်။ နေမကောင်းတာဆို ပိုဆိုးသေးသည်။

"လာ သား။ အိမ်ထဲဝင်မယ် ရေလေးဘာလေးသောက်ပြီး ဆေးလိမ်းရအောင်"

ပြဿနာက ဒီလိုလွယ်လွယ်ပြီးသွားမည်ဟု မထင်ခဲ့သဖြင့် သုတ ကြောင်တောင်တောင်လေးဖြစ်သွားသည်။ အန်တီမြတ်ကတော့ သူ့လက်ကိုအသာဆွဲကာ အိမ်ကြီးထဲ ဝင်လာသည်။ မိသားစုနည်းသလောက် အိမ်ကကြီးနေတာမို့ အန်တီမြတ်တို့အိမ်က အမြဲ အလင်းရောင်နည်းပြီး ခြောက်ကပ်နေတတ်သည်။ မိုးရာသီဆို ဇိမ်ယူအိပ်နေလို့ကောင်းသည့် အိမ်မျိုး။

ဒုတိယမြောက် တနင်္လာ (Completed)Where stories live. Discover now