Uni
မသိသောလူများကြား၌ ကိုယ်ရင်းနှီးသည်ဟု ထင်မိသော လူနားမှာနေရတာ ပို၍ သက်တောင့်သက်သာရှိမည်မို့ သူ ထိုဝတ်စုံမည်းနှင့်လူနား တိုးကပ်သွားလိုက်သည်။ ထိုလူသည် ကမ်းနှဖူးမှာရပ်နေကာ အထက်စီးဆန်သောအကြည့်ဖြင့် ရေထဲကလူတွေကို ငုံ့ကြည့်နေခဲ့သည်။ သူ့ပုံစံက အာဏာပါလွန်းသည်မို့ ရပ်ကွက်လူကြီးမဟုတ်တောင် အာဏာရှိသူတစ်ယောက်ယောက်ဖြစ်မည်ဟု သုတ သတ်မှတ်လိုက်သည်။
သူ ဘေးနားကိုရောက်လာတော့ ထိုလူက သူ့ကိုတစ်ချက်စောင်းငဲ့ကြည့်လာသည်။ မေးရိုးချွန်ချွန်နှင့် မျက်နှာချောချောရှိကာ ခန္ဓာကိုယ်က အတော်ထွားကျိုင်းသည်။ သုတ အဲ့ဒီလူဘေးသွားရပ်တော့ ခန္ဓာကိုယ်ကွာခြားချက်က ပိုသိသာလာသည်။ ထိုလူက သုတခန္ဓာကိုယ်ရဲ့ နှစ်ဆလောက်ရှိသည်ပဲ။
သူစိမ်းပေမို့ မျက်လုံးချင်း မဆုံရဲတာကြောင့် သူ ဖျတ်ခနဲပဲကြည့်လိုက်တာဖြစ်သည်။ အဲ့ဒီလူရဲ့ မျက်လုံးတွေက တစ်ယောက်ယောက်နဲ့ တူနေပေမဲ့ ဘယ်သူနဲ့တူနေလဲ သူစဉ်းစားလို့မရ။ ညသည် ပိုအေးစက်ကာ တိတ်ဆိတ်လာပုံရသည်။
"တွေ့ပြီ"
ထိုအချိန်၌ပင် ရေထဲက တစ်စုံတစ်ယောက်၏ အော်သံကိုကြားလိုက်ရသည်။ ရေထဲတွင် အချိန်ကြာသွားလို့လားမသိ။ သူ့အသံက ပြာနေကာ ကြောက်စဖွယ်ကြီးဖြစ်နေသည်။ အလောင်းပြန်ဆွဲလာတော့မယ်လို့ ထင်လိုက်တာမို့ သုတက ရေကန်ဘက်မှ မျက်နှာလွှဲကာ သူ့ဘေးက လူနောက်၌ မသိမသာကွယ်ရပ်သည်။
သူ့ဘေးကလူသည် စိတ်သက်သာရာရသွားကာ ရေကန်စပ်နှင့်ပိုနီးသည့်ဘက်သို့ လျှောက်သွားတာ သူမြင်လိုက်ရသည်။ ရေထဲမှ တစ်စုံတစ်ယောက်သည် အမြန်ပင်ကမ်းစပ်ဘက်သို့ ကူးလာသည်။ သုတ သေချာနားမလည်ပေမဲ့ထိုမြင်ကွင်းကို ဆက်ကြည့်နေမိသည်။
ရေထဲကလူသည် အလင်းရောင်ရှိသည့်ဘက် ရောက်လာလေ ကြောက်စရာကောင်းလာလေပင်။ တစ်ကိုယ်လုံးက ရေတွေစိုစွတ်နေကာ နွံများပါပေကျံနေသည်။ မျက်လုံးနီနီများ ပိန်လှီဖျော့တော့ကာ အပြာရောင်သမ်းနေသော ခန္ဓာကိုယ်၊ အသက်မရှိသည့် မျက်အိမ်ကျယ်ကြီးများ...
ESTÁS LEYENDO
ဒုတိယမြောက် တနင်္လာ (Completed)
RomanceUni 'ငါ့မှာစွမ်းအားသာရှိရင် လတစ်လရဲ့ ဒုတိယမြောက်အပတ်ကို ဖြုတ်ထားလိုက်ချင်တယ်' 'ဘာလို့လဲ' 'အဲ့ဒီအပတ်ရဲ့ တနင်္လာနေ့ကို ကြောက်လို့လေ' Cover by Pinterest Zawgyi 'ငါ့မှာစွမ်းအားသာရှိရင် လတစ်လရဲ့ ဒုတိယမြောက်အပတ်ကို ဖြုတ်ထားလိုက်ချင်တယ်' 'ဘာလို့လဲ' 'အဲ့ဒီ...
