Chapter 6

1.2K 155 6
                                    

Uni

လက်နှစ်ဖက်က သူ့အား အလွန်ကြင်နာစွာ ပွတ်သပ်ပေးနေခဲ့သည်။ လက်ချောင်းရှည်ရှည်များသည် သူ့ဆံပင်များမှစ၍ မျက်နှာအစိတ်အပိုင်းများထိတိုင် ညင်ညင်သာသာပွတ်တိုက်သွားသည်။ ချစ်သူတစ်ဦးက သူ့အသည်းညှာအား ပွတ်သပ်ချော့မြူကာ နမ်းရှိုက်ချင်နေသလိုမျိုးပင်။

တစ်ဖက်လူ၏ ပျော်ရွှင်လွန်းနေသော ခံစားချက်ကို သူ ခံစားရသည်။ နောက်ပြီး ညင်သာစွာ ပွေ့ဖက်ထိတွေ့နေသော လက်တို့မှာ အန္တရာယ်အငွေ့အသက်မပါပေ။ အိပ်ချင်မူးတူးဖြစ်နေကာ နိုးထမလာနိုင်သေးသော်လည်း သူ ထိုသည်ကို ခံစားမိနေသည်။

တစ်ဖက်လူသည် သူ့ကိုအန္တရယ်ပြုမှာမဟုတ်။ နောက်ပြီး ထိုသို့ပွေ့ဖက်ချော့မြူတာက သူ့စိတ်တွေကို ပျော့ပြောင်းနူးညံ့စေသည်။ သူ သဘောကျသည်မို့ တစ်ဖက်လူကို တားမြစ်ဖို့ သူ မတွေးမိခဲ့။

သူသည် လွန်ခဲ့သော နှစ်များစွာက သေခဲ့ပြီးဖြစ်သော သူငယ်ချင်း၏အခန်းမှာ အိပ်နေတာဖြစ်ပြီး ဒီတစ်အိမ်လုံးမှာ သူ့ကိုပွေ့ဖက်ပေးစရာ လူတစ်ယောက်မှ မရှိသည်ကို မေ့လျော့နေခဲ့သည်။ ဒါက သူ အိပ်ချင်မူးတူးဖြစ်နေသည်ကြောင့်လည်း ပါမည်။

မျက်လုံးတောင် မဖွင့်နိုင်ဘဲ နိုးတစ်ဝက်အိပ်တစ်ဝက်ဖြစ်နေသည်မို့ ဘာကိုမှ ရှင်းရှင်းလင်းလင်း မတွေးနိုင်သေး။ သူ့အတွေးထဲ အချိန်တော်တော်ကြာအောင် တဝဲလည်လည်ဖြစ်ပြီးမှ သူ့ကိုထွေးပိုက်ထားနိုင်မည့် တစ်စုံတစ်ယောက်ကို သတိရသည်။

'သည်းငယ်'

ဟုတ်သည်။ သည်းငယ်ပဲဖြစ်မည်။ အဲ့ဒီမိန်းကလေးမှ မဟုတ်ရင် သူ့ကို ဘယ်သူကများ ချစ်သူတစ်ယောက်လို ယုယုယယဆက်ဆံမည်လဲ။ သူ့မှာ ချစ်သူဆိုလို့ သည်းငယ်တစ်ယောက်တည်း ရှိခဲ့ဖူးသည်လေ။

သူ သည်းငယ်ကို အိပ်မက်မက်နေတာဖြစ်နိုင်သည်။

ဦးနှောက်၏ သတင်းပေးမှုကို မသိစိတ်က မယုံသင်္ကာဖြစ်နေသည်မို့ သူ ‌ထုတ်မေးလိုက်မိသည်။

"သည်းငယ်လား"

မေးခွန်းတိုလေးတစ်ခုက တစ်ခန်းလုံး၏လေထုကို ချက်ချင်းပင် ပြောင်းလဲသွားစေသည်။ သက်တောင့်သက်သာဖြစ်နေသဖြင့် သုတ၏ အသံမှာ အနည်းငယ် ထူးဆန်းကာ ချစ်စဖွယ်ကောင်းနေပါသော်ငြား တစ်ခန်းလုံး၏လေထုသည် ကြောက်စရာကောင်းသည်ထက် ကောင်းလာရသည်။

ဒုတိယမြောက် တနင်္လာ (Completed)Donde viven las historias. Descúbrelo ahora