Chapter 5

2.1K 219 7
                                        

Uni

ခြံဝင်း၏ ပတ္တာတံခါးသည် ကျွီခနဲ အသံမြည်ကာ ပွင့်သွားသည်။ သုတက ကိုယ့်လက်ညှိုးနှင့်လက်မကို ဖိပွတ်ကြည့်ကာ ဖုန်တင်ကျန်မနေခြင်းအတွက် ကျေနပ်သွားရသည်။ ကြည့်ရတာ အသုဘတုန်းက ဆိုင်ရာပိုင်ရာလူတွေ သန့်ရှင်းရေးလုပ်သွားခဲ့ပုံရသည်။

သူ သက်တောင့်သက်သာဖြစ်စွာပင် ခြံဝန်းထဲဝင်လာလိုက်သည်။ မြေ၏ရနံ့၊ အပင်တို့၏ ခြောက်ကပ်ကပ်ရနံ့က ပျံ့နှံ့နေသည်။ ထိုသည်ကိုပင် သူ အားပါးတရ ရှူရှိုက်လိုက်သည်။ အိမ်ကြီးသည် မြေကွက်လေးကွက်စာ ယူ၍ဆောက်ထားတာကြောင့် ခြံလည်းကျယ်သလို အိမ်လည်းကြီးသည်။ သူနေထိုင်ခဲ့ဖူးသည့် အိမ်ကလေးကတော့ ဘေးခြံမှာ ခပ်သေးသေးလေး တည်ရှိနေသည်။ ယခုတော့ ထိုအိမ်မှာ တခြားမိသားစုတစ်ခု ရှိနေလောက်မည်ဟု သူခန့်မှန်းသည်။

လွမ်းဆွတ်တမ်းတခြင်းအပြည့်ဖြင့်ပင် သူ ခြံထဲမှာရပ်နေခဲ့သည်။ အိမ်ကိုမြင်တော့ သူ ကျောင်းသားဘဝက ဝင်ထွက်သွားလာခဲ့သည်များကို ပို၍ သတိရလာသည်။ ထို့အတူ နောင်တတွေလည်း တဖြည်းဖြည်း ပိုများလာရသည်။ အန်တီမြတ်မှာ နောက်ဆုံးအကြိမ်အထိ သူ့ကို မမြင်သွားလိုက်ရ။ သူ စောစောပြန်လာခဲ့ဖို့ကောင်းသည်။

ညှိုးငယ် လွမ်းဆွတ်သော စိတ်တို့နှင့်ပင် သူ အိမ်တံခါးကို သော့ဖွင့်လိုက်သည်။ တစ်အိမ်လုံးသည် မှောင်မည်းနေသည်။ ဖြစ်ပျက်သွားသည်တို့က မကြာသေး‌သောကြောင့် ဖုန်နံ့တော့မရပေမဲ့ ‌တံခါးပိတ်ထားတာကြာတော့ အိမ်ဟောင်းနံ့ရနေပြီဖြစ်သည်။

မိန်းခလုတ်ဖွင့်ရဦးမည်။

ပါလာသော အထုပ်အပိုးနည်းနည်းကို နီးရာခုံတစ်ခုပေါ် ဖြစ်သလို တင်ထားလိုက်သည်။ သူဒီကိုလာတာ ဘာမှများများစားစားမပါလာ။ အန်တီမြတ်အုတ်ဂူကို ကန်တော့ဖို့နဲ့ အန်တီ့အတွက် ကုသိုလ်ကောင်းမှုလုပ်ပေးဖို့ပဲ အဓိက လာတာဖြစ်သည်။ နောက်တစ်ချက်က အန်တီ့ကိုပေးခဲ့သည့် သူ့ကတိကြောင့်။

အမြင့်မှာရှိနေသည့် မိန်းခလုတ်ကို မမီတာကြောင့် သူ ဖုန်းမီးဖွင့်ကာ ခုံတစ်လုံးကို ရွှေ့လာရသည်။ ကျယ်ပြန့်သော အမှောင်ထုကြီးထဲ ဖုန်းမီးနည်းနည်းက မစို့မပို့ဖြစ်နေသည်။ ဧည့်ခန်းထဲချိတ်ထားသော မိသားစုဓာတ်ပုံများသည် အလင်းပြန်နေကြကာ ဓာတ်ပုံကိုမမြင်ရဘဲ မှန်ချပ်တွေလိုဖြစ်သွားရသည်။

ဒုတိယမြောက် တနင်္လာ (Completed)Donde viven las historias. Descúbrelo ahora