Chapter 12

1.2K 140 27
                                    

Uni

သူ နိုးလာသောအခါ တစ်ကိုယ်လုံးက ချွေးများဖြင့်စိုရွှဲနေသည်။ သူ၏ ဟိုတယ်ခန်းသည် မီးထိန်ထိန်လင်းလျက်ရှိပြီး တံခါးပေါက်ပြတင်းပေါက်များကို အကုန်ပိတ်ထားကာ လုံခြုံသည်ဟု ထင်ရသည်။ သူ အိပ်ရာပေါ်မှ ထထိုင်လိုက်ပြီး အိပ်မက်သက်သက်သာဖြစ်ကြောင်း သူ့ကိုယ်သူ နှစ်သိမ့်နေမိသည်။ အိပ်မက်ထဲက အကြည့်တွေ အထိအတွေ့တွေနဲ့ စကားသံတွေ။ သူ အခုထိကြားယောင်နေတုန်းပင်။ ဘယ်လိုပဲဆိုဆို ကိုယ့်ကိုယ်ကိုယ် ပြန်ခြောက်လှန့်နေတာ မကောင်းကြောင်း သူသိတာမို့ စိတ်ကို ငြိမ်အောင်ထားလိုက်ကာ ဘေးစားပွဲတွင်တင်ထားသော ရေကရားကို လှမ်းငှဲ့လိုက်သည်။

ခလွမ်း

ရေကရားသည် အလန့်တကြားလွှတ်ချခြင်းခံလိုက်ရကာ ချက်ချင်းပင် ကျကွဲသွားလေသည်။ ဖန်ကွဲစများ၊ ရေစက်များက နေရာအနှံ့ကို စင်သွားသော်ငြား သုတ ထိုအရာတွေကို အာရုံမစိုက်နိုင်ခဲ့။ သူ့မျက်လုံးတွေက သူ့ဘယ်ဘက်လက်ပေါ်ရှိ လက်စွပ်နှင့် လက်ပတ်နီဆီ စူးစူးကြီး စိုက်ကြည့်နေမိသည်။ လက်စွပ်သည် ငွေသားနှင့်မို့ မသိသာသော်လည်း လက်ပတ်သည် ရေစိုထားရာမှ မခြောက်တခြောက်သာရှိသေးသည်။ ထိုရေတွေသည် ဘယ်ကရေတွေလဲဆိုတာ သူသေချာသိသည်။ နောက်ပြီး သူ ကိုယ်တိုင် လွှင့်ပစ်ခဲ့သည့် ဒီလက်စွပ်နှင့်လက်ပတ်က သူ့လက်ပေါ် ဘယ်လိုပြန်ရောက်နေလဲဆိုတာ...

ထိုင်နေရင်းမှ သူ့နှုတ်ခမ်းတွေ တဆတ်ဆတ်တုန်ယင်လာသလိုခံစားရသည်။ သူ့လက်ပေါ်ရောက်နေသည့် ထိုအေးစက်စက်အထိအတွေ့များသည် မကောင်းဆိုးဝါးကောင်တွေနှယ် သူ့ကို တွယ်ကပ်နေကြသည်။ သူ စိတ်မထိန်းနိုင်စွာ ထိုအရာများကို နောက်တစ်ကြိမ်ဖယ်ရှားရန် လက်တင်လိုက်မိသည်။

ဖျတ် ဖျတ် ဖျတ်

အကောင်းအတိုင်းရှိသော မီးသည် တဖျတ်ဖျတ်ခတ်လာကာ တစ်စက္ကန့်မျှမြင်လိုက်ရသော အမှောင်ထုထဲ၌ အိပ်မက်ထဲက မျက်ဝန်းသေကြီးတွေက အုံနှင့်ကျင်းနှင့်ရှိနေကြသည်။ သုတ လက်စွပ်ကို ကိုင်ထားရင်းနှင့်မှ ကြက်သေသေနေကာ ဘာမှ မလှုပ်ရှားရဲ။ သူ့နားထဲမှာ ရယ်သံသဲ့သဲ့ကြားလိုက်သလိုရှိသည်။ မီးခိုးနံ့သဲ့သဲ့နဲ့အတူ အနားမှာ အဲ့ဒီလူရှိနေကြောင်း သိသာသည်။ ဘာတဲ့? ထပ်လွှင့်ပစ်ရင် သူ့ကို သတ်ပြီး ခေါ်ထားမယ်တဲ့လား။ သုတ သူတတ်နိုင်တာ ဘာမှမရှိကြောင်း သေချာသိသွားသည်။ ဒီနှစ်ခုကို လွှင့်ပစ်လိုက်ရင် ဒီလိုနှောက်ယှက်မှုမျိုးမခံရတော့ဘူးလို့ အန်တီမြတ်ကလည်းပြောသည်။ သူကလည်း ထိုသို့ယုံခဲ့သည်။ ဒါပေမဲ့ ဘာလို့.. ဘာလို့များ...

ဒုတိယမြောက် တနင်္လာ (Completed)حيث تعيش القصص. اكتشف الآن