Chapter 8

2.1K 214 6
                                        

Uni

အချိန်အတော်နောက်ကျနေပြီမို့ သူ အမြန်ပြင်ဆင်ပြီး ထွက်လာခဲ့သည်။ ဒီအိမ်က သူ့ကိုယ်ပိုင်အိမ်ဖြစ်သွားပြီဆိုပေမဲ့ သူ့အဖို့ ‌ဆက်နေရမှာ ကြောက်စရာကောင်းနေသည်။ လုပ်မည်ဟု ရည်ရွယ်၍လာခဲ့သော ကိစ္စများကို မြန်မြန်လုပ်ပြီး ရန်ကုန်ပြန်တာကသာ အကောင်းဆုံးဖြစ်ပေလိမ့်မည်။

နေ့လည်မတိုင်မီ သူတို့သွားနေကျ ဖြစ်ခဲ့သော ဘုန်းဘုန်းကျောင်းသို့သွားကာ အချိုပွဲ ဆွမ်းသွားကပ်လိုက်သည်။ ပြီးလျှင်တော့ သူသွားစရာက တစ်နေရာပဲရှိသည်။

သင်္ချိုင်း အဝင်ဝက ခြောက်ကပ်ကာ နေရောင်များနှင့် တောက်ပနေသည်။ မိုးရာသီ၏ ကောင်းကင်သည် တိမ်ကင်းစင်နေကာ နေ၏အပူရှိန်ကို ပိုတိုးစေသလိုပင်။ သူ ဦးထုပ်ဆောင်းလာတာတောင် တော်တော် ပူသည်ဟု ခံစားနေရသည်။ တကယ်တော့ နေ့လယ် ၂နာရီခွဲဆိုတာ အပြင်ထွက်လို့ ကောင်းသည့်အချိန်မဟုတ်။ ဒီလို သင်္ချိုင်းနေရာဆို ပိုဆိုးသည်။

ဒါပေမဲ့ သုတမှာလည်း သူ့အကြံနဲ့သူ။ ၂နာရီခွဲလောက်က အသုဘလာပို့သည့် လူတွေနှင့် ကြုံရဆုံရ၍ ကြောက်စရာ သိပ်ကောင်းမှာ မဟုတ်။ နေအေးသည့် ညနေပိုင်းမျိုး လာမိရင်တော့ ဘယ်လိုဖြစ်နိုင်မလဲ သူလည်း မပြောတတ်။

အသုဘပို့သည့်လူတွေသည် သင်္ချိုင်း၏ တစ်ဖက်ခြမ်းမှာ စုစည်းနေကြသည်။ တချို့လည်း အထဲသို့ မဝင်ကြ။ သင်္ချိုင်းသည် ဟောင်းနေပြီဖြစ်ပြီး ဒီမြေများအောက်တွင် လူတွေ မရေမတွက်နိုင်အောင် မြုပ်နှံခံရပြီးပြီဖြစ်သည်။ ထို့ကြောင့် ဆက်မြုပ်ဖို့ အဆင်ပြေသည့်နေရာကို ထပ်တိုးရင်းတိုးရင်းဖြင့် ဂူတွေက မြို့အနောက် တောထဲကို ရောက်ကုန်သည်။

သုတ ခြေထောက်ကို ဂရုတစိုက်လှမ်းကာ ဘုန်းဘုန်း လမ်းညွှန်ပေးခဲ့သော ဘက်ကို လျှောက်သွားလိုက်သည်။ သင်္ချိုင်းမြေကြီးသည် ပေပွနေကာ သစ်ရွက်ခြောက်များ အဝတ်စဟောင်းများနှင့် ပြည့်နှက်နေသည်။ တချို့သော အရိုးအပိုင်းအစများကလည်း အပေါ်တက်နေသလို တချို့ဂူတွေကလည်း ပေါက်ပဲ့နေသည်။ အထဲကိုကြည့်လျှင်တော့ မှောင်နှင့်မည်းမည်းပဲမြင်ရလိမ့်မည်။

ဒုတိယမြောက် တနင်္လာ (Completed)Where stories live. Discover now