ဂယူဘင်းကိုမြင်တော့ ခေါက်ဆွဲပြုတ်သီးသွားတဲ့ ယူဂျင်းက ထိုင်နေရာမှ ရေခဲသေတ္တာဆီ ချက်ချင်းပြေးထလိုက်ပြီး ရေပြေးသောက်သည်။ ဂယူဘင်းတစ်ယောက် မျက်နှာသေဖြင့် ယူဂျင်းကိုကြောင်တောင်ကြည့်နေမိသည်။ ယူဂျင်းကတော့ ဂယူဘင်းကိုတစ်ချက်တောင်မကြည့် သောက်စရာရှိတဲ့ရေ မြန်မြန်သောက်ပြီး မြန်မြန်ပြေးဖို့ပဲ အတွေးရှိသည်။
ရေဘူးကိုမြန်မြန်ထိုးထည့်လိုက်ပြီး ရေခဲသေတ္တာတံခါးကိုပိတ်ကာ ခေါင်းငိုက်စိုက်ဖြင့်လျှောက်ရင်း ထွက်သွားရန်လုပ်တုန်း အရှေ့မှ ပိတ်ဆို့လာတဲ့ အတားအဆီးတစ်ခုကြောင့် ရေခဲသေတ္တာနဲ့ နံရံကြားပိတ်မိလျက်အနေအထားတစ်ခု။ ယူဂျင်းလန့်ပြီး တုန်ပါတက်သွားသည်။ ဂယူဘင်းကိုဆိုလျှင် ယူဂျင်းက သူ့ဘာသာအသက်ရှုရင်တောင် လန့်နေတတ်သည့်ပုံစံမျိုး။ ရေခဲသေတ္တာရယ် နံရံရယ် လက်တစ်ဖက်ရယ် ဂယူဘင်းရယ်က သူ့ရဲ့အရပ်လေးမျက်နှာလုံးကို ကာဆီးထားတော့ ယူဂျင်းတစ်ယောက် ထောင်ချောက်မိနေသောယုန်ငယ်လေးပမာ။ ငုံ့ထားတဲ့ခေါင်းကိုမော့ကာ ရှည်လွန်းတဲ့ဂယူဘင်းရဲ့အရပ်ကြီးကြောင့် မျက်နှာငယ်လေးဖြင့်မော့ကြည့်ရသည်။
"ကိုကို..."
ယူဂျင်းစကားပြောဟန်ပြင်တုန်း ရုတ်တရက် ယူဂျင်းရဲ့ပါးပေါ်ကိုရောက်ရှိလာပြီး နေရာယူလိုက်တဲ့ ဂယူဘင်းရဲ့လက်ဖဝါးတစ်ခုကြောင့် ယူဂျင်းပြောလက်စ စကားတန်းလန်းဖြင့် ဆက်မပြောနိုင်ဘဲ ကြောင်ကြည့်နေမိပြန်သည်။ ဂယူဘင်းလည်း 'ကိုကို' ဟူသော ခေါ်သံကြောင့် ယူဂျင်းပါးပေါ်ကလက်လည်း ရပ်တန့်သွားပြီး ပန်းနုရောင်နှုတ်ခမ်းလေးကိုပဲ ဆက်တိုက်ကြည့်နေတဲ့ မျက်လုံးလည်း နှုတ်ခမ်းငယ်မှခွာလိုက်ကာ ယူဂျင်းနှင့်အကြည့်ချင်းစုံစေလျက်။
"ဟင်??"
"လေး....ကိုကိုလေး ယူဂျင်းကိုဘာခိုင်းစရာရှိလို့လဲ"
"မရှိတော့မရှိပါဘူး"
"အဲ့တာဆို ယူဂျင်း သွားလိုက်ဦးမယ်နော်"
"နေဦး ဟန်ယူဂျင်း"
ဂယူဘင်းကာထားတဲ့လက်ရဲ့ အောက်ကနေငုံ့ကာ သွားရန်ပြင်နေသော ယူဂျင်းရဲ့ခန္ဓာကိုယ်သေးသေးလေးကို ထုံးစံအတိုင်းအားကြီးနဲ့ပင် လှမ်းဆွဲပြန်သည်။ လက်ကနေဆွဲလိုက်တော့ အလိုက်သင့်ပါလာတဲ့ ယူဂျင်းလေး။