တင်းမာနေတဲ့ သူတို့နှစ်ယောက်အကြား ဂယူဘင်းကိုကြည့်လိုက် ဟန်ဘင်းကိုကြည့်လိုက်ဖြင့် ကြားထဲကယူဂျင်းကတော့ မျက်စိသူငယ်နားသူငယ်ဖြင့်။
"မေးစရာမလိုပါဘူး ဟန်ယူဂျင်းက ငါ့စကားကိုဘယ်တုန်းကမှ လွန်ဆန်ဖူးတာမဟုတ်ဘူး ငါခေါ်ရင်လိုက်မှာပဲ"
"မင်းအလိုကိုလိုက်နေရတာလေ သူ့ဆန္ဒမှမပါတာ အဲ့တာတော့နားလည်သင့်တယ်"
အလယ်ကယူဂျင်းကတော့ ဂယူဘင်းရဲ့လက်ကိုကော ဟန်ဘင်းရဲ့လက်ကိုကော အသာလေးဖယ်လိုက်ပြီး ဘယ်ကနေဘယ်လို စကားကိုစပြောရလဲမသိဖြစ်နေသည်။ အကြည့်တွေက ပိုပိုပြီးခက်ထန်လာတော့ဟန်ဘင်းရဲ့လက်မောင်းကိုဖက်ကာကိုင်လိုက်ပြီး ဂယူဘင်းနဲ့ဝေးသွားအောင် အနောက်သို့တွန်းပို့ပေးလိုက်တဲ့ ယူဂျင်းကြောင့် ဂယူဘင်းက သူတို့နှစ်ယောက်ဆီက အကြည့်ကိုလွှဲလိုက်သည်။ မသိရင်ပဲ သူက ဇာတ်ဆောင်နှစ်ယောက်ကြား၀င်နေတဲ့ ဗီလိန်လိုလို ဒရာမာဆန်ဆန် တဖြတ်ခံစားလိုက်ရသေးသည်။
"ဟျောင်း ယူဂျင်း ကိုကိုလေးနဲ့လိုက်သွားလိုက်မယ်"
"အင်း ယူဂျင်းသဘောပါ"
"ဟုတ် ရုပ်ရှင်ကနောက်မှတူတူကြည့်မယ်နော် တာ့တာ ဟျောင်း"
ဟန်ဘင်းကို တာ့တာပြရင်း လုပ်နေတဲ့အမူအရာလေးက ချစ်စရာကောင်းလွန်းလို ဟန်ဘင်းပြုံးမိပါသည်။ မနာလို သ၀န်တိုနေတဲ့ တစ်စုံတစ်ယောက်ကတော့ မနေနိုင်မထိုင်နိုင်တွေဖြစ်ကာ တာ့တာပြနေတဲ့ယူဂျင်းရဲ့လက်ကိုဆွဲလိုက်တော့ ထုံစံအတိုင်း ယူဂျင်းလေးလန့်သွားရသည်။
"လာမှာရှိ လာစမ်းပါ"
စိတ်မရှည်တဲ့လေသံနဲ့ပြောပြီး ဟန်ဘင်းနဲ့ ဝေးလေကောင်းလေဆိုတဲ့ အတွေးပဲရှိကာ မြန်မြန်ဆွဲခေါ်လာတဲ့ ဂယူဘင်းနောက်ကို အလိုက်တသင့်ပါသွားပြန်ပြီ။
နောက်သို့လှည့်ကြည့်လှည့်ကြည့်ဖြင့် ကျန်ရစ်ခဲ့တဲ့ ဟန်ဘင်းကို အားနာမိသူကတော့ ယူဂျင်း။ ကားထဲရောက်တော့လည်း ဂယူဘင်းကို ဘေးနားကနေခိုးခိုးကြည့်နေတာ ယူဂျင်းပါပဲ။"ဘာလို့သူနဲ့တွေ့တာလဲ"
ဂယူဘင်းက ဘာကြောင့်ရယ်မသိဘဲနဲ့ ဒေါသသံပါနေသည်။ ယူဂျင်းလည်းမျက်လုံးဝိုင်းဝိုင်းလေးဖြင့်သာ နားမလည်နိုင်စွာကြည့်နေမိသည်။