အရင်နေ့တွေနဲ့မတူအောင် ဂယူဘင်းရဲ့မေမေလည်း အစောကြီးပြန်ရောက်နေခဲ့သည်။ ညနေစာအတွက်ကို ယူဂျင်းနဲ့ယူဂျင်းမေမေတို့ကလည်း ပြင်ဆင်ပေးနေသည်။ အလုပ်ရှင်နဲ့အလုပ်သမားဆိုပေမဲ့ မိသားစုလို့ပြောလို့ရအောင်ကို နွေးနွေးထွေးထွေးရှိကြပြီး ထမင်းလည်းလက်စုံစားနေကျပေါ့။ အားကိုးမရှိတဲ့ မိန်းမနှစ်ယောက်က တစ်ယောက်အပေါ်တစ်ယောက်မှီခိုပြီး သားနှစ်ယောက်ကိုလည်း ဒီအရွယ်ထိရောက်အောင် ကြည့်ရှုစောင့်ရှောက်လာခဲ့ကြတာလေ။
"ယူဂျင်းလေး သားငယ်ကိုသွားခေါ်ပေးပါလား အိပ်နေတာထင်တယ် ဆင်းမလာသေးလို့"
"ကို...ကိုကိုလေးလား?"
"အော် ဘယ်သူရှိသေးလို့တုန်းယူဂျင်းရဲ့"
"ဟုတ်အန်တီ သားသွားခေါ်လိုက်မယ်နော်"
ပြုံးစိစိဖြင့်ထွက်သွားတဲ့ ယူဂျင်းကတော့ အရင်က ကိုကိုလေးမဟုတ်တဲ့ သူ့ချစ်သူကိုကိုလေးကို သွားခေါ်ရမှာဆိုတော့ကာ နည်းနည်းစိတ်လှုပ်ရှားမိသား။ အခန်းရှေ့ရောက်တော့ တံခါးလေးနှစ်ချက်လောက်ခေါက်လိုက်သည်။
"၀င်ခဲ့လိုက်လေ တံခါးလော့မချထားဘူး"
ဂယူဘင်းရဲ့အသံကိုကြားတော့ တံခါးကိုဖြည်းဖြည်းချင်း ဖွင့်ကာ၀င်သွားလိုက်သည်။ အိပ်ရာပေါ် ဘေးတစောင်းအနေအထားဖြင့်လှဲနေတဲ့ ဂယူဘင်းကတော့ မျက်လုံးမှိတ်ကာဖြင့် အိပ်နေသယောင်။
"အမယ် အိပ်ချင်ယောင်ဆောင်နေတာပဲ"
ယူဂျင်းတစ်ယောက် ရီကျဲကျဲဖြင့် ဂယူဘင်းနားကိုသွားထိုင်လိုက်သည်။ 'မျက်လုံးမှိတ်ထားတာတောင် တအားကြည့်ကောင်လွန်းတဲ့ ယောက်ျားပါပဲ။ အသက်ရှုရင်တောင် ကြည့်ကောင်းနေတော့ ဒုက္ခပါပဲနော်'။
ဂယူဘင်းကို အတွေးပေါင်းများစွာဖြင့် ပြုံးကာစိုက်ကြည့်နေတဲ့ ယူဂျင်းတစ်ယောက် ခါးကနေလှမ်းဆွဲခံလိုက်ရတော့ ကုတင်ပေါ် လှဲလျက်သား လဲကျသွားသည်။ စစချင်းကတော့ ရုတ်တရက်မို့လန့်သွားပေမဲ့ ဖက်ထားတဲ့ဂယူဘင်းကို အလိုက်သိစွာပြန်ဖက်လိုက်ပြီး အနေအထားမှန်အောင် ရင်ခွင်ထဲတိုးအိပ်လိုက်တဲ့ ယူဂျင်း။