ရှန်းရှန်းမှာ ပစ္စည်းအများကြီးမရှိဘူး။ ထို့အပြင် လွန်ခဲ့သောတစ်နှစ်က သူမ တစ်ကြိမ်ထုပ်ပိုးထားသောကြောင့် ယခုတွင် ပစ္စည်းထုပ်ပိုးရန်မှာ အလွန်လွယ်ကူပါသည်။ အငှားတိုက်ခန်းအသစ်သည် အံ့သြစရာကောင်းလောက်အောင် အလွန်သပ်ရပ်ပြီး သန့်ရှင်းရေးလုပ်ရန် မလိုအပ်သောကြောင့် သူမ အရာအားလုံးကို မြန်မြန်ဆန်ဆန် အပြီးသတ်နိုင်ခဲ့သည်။တောက်ပြောင်ပြီး သန့်ရှင်းသပ်ရပ်သောတိုက်ခန်းလေးကိုကြည့်လျက် ရှန်းရှန်း စိတ်ကျေနပ်မှုအပြည့်ဖြင့် ဆိုဖာပေါ်ထိုင်နေ၏။
"ဒီလိုသင့်တော်တဲ့တိုက်ခန်းကို ရှာရတာ တကယ်မလွယ်ဘူးနော်"
ဖုန်းထန်ကလည်း သဘောတူကြောင်း ခေါင်းညိတ်ပြလိုက်သည်။ သူ့အိမ်ခြံမြေစာရင်းမှာ ဒီလိုတိုက်ခန်းငယ်လေးကို ရှာရတာ တကယ်မလွယ်ကူဘူး။ သူက သူမဘေးနားတွင်ဝင်ထိုင်ပြီး သတိပေးလာ၏။
"မင်းအချိန်ရရင် မင်းရဲ့အတန်းဖော်နဲ့သူ့ကောင်လေးကို ရိုးရိုးရှင်းရှင်း တစ်ခါလောက် ထမင်းအတူစားဖို့ဖိတ်လိုက်"
"အမ်?"
"မင်းက သူ့အိမ်မှာ အကြာကြီးနေနေတာဆိုတော့ ကိုယ့်ကျေးဇူးကိုပြဖို့အတွက် သူတို့ကိုပြုစုရမှာပေါ့"
ဘာလို့ပြုစုဖို့လိုတာလဲ.... ရှန်းရှန်းနှလုံးသားလေး တသိမ့်သိမ့်လှုပ်ခတ်သွား၏။
"ဒါဆိုရင် ကျွန်မ သူတို့ကိုပြုစုလိုက်မယ်လေ"
"အိမ်ငှားခပေးပြီးသွားတော့ မင်းမှာ ပိုက်ဆံရှိသေးလို့လား"
.....အိုး ဟုတ်သားပဲ
"ဒါဆို ရှင်ပဲပြုစုလိုက်ပါ.. ဒါနဲ့ ကျွန်မမှာ ဒီနေ့ညစာစားဖို့ ပိုက်ဆံတောင်မရှိဘူး ဒီတော့ ရှင် ကျွန်မကိုလဲ ညစာကျွေးရမယ်"
ညဘက်တွင် Big Boss ကြီး၏တော်ဝင်စစ်ရထားဖြင့် လိုက်လံပို့ဆောင်ပေးပြီးနောက် ရှန်းရှန်း သူမအိပ်ရာပေါ်တွင် လှဲနေပြီး သာ့ဟွားကို ဖုန်းခေါ်လိုက်သည်။ သူမအတန်းဖော်သာ့ဟွားက အခြေခံအားဖြင့် အစားအသောက်ကြိုက်နှစ်သက်သူတစ်ယောက် ၊ စားသောက်ရမည့်အသံကိုကြားတော့ သူမ တော်တော်ပျော်ရွှင်သွားခဲ့၏။
"ကောင်းပြီ ကောင်းပြီ မနက်ဖြန်ပြီးနောက်နှစ်ရက်လောက် လုပ်လိုက်ကြရအောင်.. သာ့ချောင်က အဲဒီအချိန်လောက် ပြန်လာမယ်ဆိုတော့ ငါတို့အတူတူစားလို့ရတယ်၊ နင်က ရုတ်တရက်ကြီး ငါတို့ကို ဘာလို့ပြုစုချင်ရတာလဲ နင် ကံစမ်းမဲပေါက်ထားလို့လား"
YOU ARE READING
ရှန်းရှန်း ( ဘာသာပြန် )
RomanceCOMPLETED ✔️ Chapter - 41 + 1 epilogue + 5 extras Started Date - 19.1.2023 Ended Date - 6.12.2023