စာစဉ်(၁၈)423+424+425+426+427

497 19 0
                                    

အပိုင်း(၄၂၃)

မာနကြီးခြင်းနှင့် ခြယ်လှယ်ခြင်း(၁)

 
လင်းကျင်းဖန်မှာ သူ့သမီး စကားကို ကြားရတော့ နူးညံ့ သိမ်မွေ့သော အပြုံးလေးက သူ့မျက်နှာမှ ချက်ချင်း ပျောက်ကွယ်သွားပြီး မျက်နှာက ညိုမှိုင်း သွားတော့တယ်။ ခံစားချက် ကင်းမဲ့ပြီး ရက်စက်သော အကြည့်က သူ့စူးရှသော မျက်လုံးမှာ တဖျတ်ဖျတ် လက်နေခဲ့တယ်။ လင်းလောပိုင် ညွှန်းပြတဲ့ ကြမ်းပြင်ပေါ် လဲလျောင်းနေသော လင်ယွဲ့ဘက်သို့ ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်တယ်။ ဒီမိန်းမ သေချင်ယောင် ဆောင်နေတာ ဖြစ်ရမယ်။ 
ခန္ဓာကိုယ် တစ်ကိုယ်လုံး တုန်ရီနေကာ လင်ယွဲ့မှာ လင်းကျင်းဖန် သတိမထားမိဖို့ ဆုတောင်းနေရတယ်။ သူမမျက်လုံးကို တင်းတင်းကျပ်ကျပ် ပိတ်ထားပြီး ဖြူဖျော့သော မျက်နှာ ချွေး ပြိုင်းပြိုင်း ကျဆင်းနေတယ်။
ကံဆိုးစွာနဲ့ပဲ သူ သတိထားမိသွားပြီ။
ထိုလူ မျက်လုံးများက စူးရှ ထက်မြက်သော ဓားသွား တစ်လက်လိုပဲ သူမ အရေပြားကို တစ်စစီ လှီးနေသလိုပါပဲ။ ထို ဓားသွားနဲ့ သူမကို အစိတ်အစိတ် အမြွှာအမြွှာ ဖြစ်အောင် ပိုင်းဖြတ်နေသလို ခံစားလာရတယ်။ သူမနှလုံးသားက နာကျင်မှု၊ ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်လာရတယ်။
လင်းကျင်းဖန်လည်း ခံစားချက်ကင်းမဲ့စွာ ခြောက်ခြောက်ကပ်ကပ် ရယ်မောလိုက်တယ်။ သူ့ရယ်သံက ရေခဲတမျှ အေးစက်သော ဓားသွားကဲ့သို့ ရှောင်မျိုးနွယ်မှ လူတိုင်းကို ကြောက်ရွံ့ ထိတ်လန့်စွာ ဒူးထောက်စေတယ်။
“မင်း ချွေးမက ဝိညာဉ် နတ်ဘုရားတောင်ကို ဆရာလုပ်ရဲတဲ့အထိ ရဲရင့်မယ်လို့ မထင်ထားခဲ့မိဘူး။ ငါက ငါ့သမီးလေးကို မချစ်ဘူးလို့ မဟုတ်မမှန် စကားပြောရဲတယ်ပေါ့”
“သခင် ကျင်းဖန်”
ရှောင်လင်းလည်း လေအေးမှာ ဒူးထောက် လိုက်တယ်။ အိုမင်းနေတဲ့ သူ့ခန္ဓာကိုယ်က တုန်ရီနေတာပေါ့။
“ဒီကောင်မလေးက သခင့် သမီးမှန်း ကျွန်တော်မျိုးတို့ မသိလို့ပါ… ကျွန်တော်မျိုး...”
“သြော်”
လင်းကျင်းဖန်လည်း အေးတိအေးစက် ပြုံးလိုက်ပြီး ရှောင်လင်းကို ခြိမ်းခြောက်သော အကြည့်နှင့် ကြည့်လိုက်တယ်။
“ဒါဆို မင်းက ရှောင်ပိုင်ကို ငါ့သမီးမှန်း မသိဘူး ဒါကြောင့် ဝေ့လျန့်ရယ်ရဲ့ တရားမဝင် သမီးတစ်ယောက်လို့ ယူဆလိုက်တယ်ပေါ့”
လင်းကျင်းဖန်နှင့် သူက ဝေးကွာသော်လည်း သူ့အသံက သူ့နားစည် အတွင်းသို့ နီးနီးကပ်ကပ် ရောက်လာသလို ခံစားရတယ်။
“ဒီနေရာက ထွက်သွားလိုက်တော့”
လင်းကျင်းဖန်လည်း အကြင်နာ ကင်းမဲ့စွာ အော်ဟစ်လိုက်တယ်။
“ငါ မင်းနဲ့ နောက်မှ ပြဿနာ ရှင်းမယ်”
ထိုစကားကို ပြောပြီးတာနဲ့ သူ့မျက်လုံးများကို ကြမ်းပြင်ပေါ် လဲလျောင်းနေသော လင်ယွဲ့ဘက်သို့ လှည့်လိုက်တယ်။ ရက်စက်သော အပြုံးက သူ့နှုတ်ခမ်းမှာ ပေါ်လွင်လာတယ်။
“မင်း ဆက်ပြီးတော့ သေချင်ယောင် ဆောင်ချင်သေးတာလား။ ဒီလိုသာ ဆက်လုပ်နေရင် မင်း မကြာခင် နောင်တ ရသွားစေရမယ်”
ရှောင်ပိုင်က သူ့သမီးရတနာလေး၊ အချစ်တုံးလေး၊ ကလေးငယ်လေးပါ။ သမီးလေးကို ရက်စက်တဲ့ စကားတစ်ခွန်းတောင် မပြောခဲ့တဲ့ သူက သမီးလေးကို အရမ်းချစ်ပါတယ်။ ဒီမိန်းမက သူ့သမီးလေးကို အရှက်ရအောင် ပြောဆိုရဲတဲ့ သတ္တိရှိတယ်ပေါ့။ သူ့အာဏာကို သူ့သမီးအရင်းထက် တူဖြစ်သူကို ပေးမယ်ဆိုတဲ့ မဟုတ်မမှန် မလျော်ကန်တဲ့ စကားမျိုး ပြောရဲတယ်ပေါ့။
သူ့စကားက သူမကို ဖော်ပြမရနိုင်တဲ့အထိ တော်တော်ကြီး ကြောက်လန့်စေတယ်။ ဒါကြောင့်လည်း ဖိုသီဖတ်သီ ဖြစ်နေတဲ့ လင်ယွဲ့မှာ ဆက်ပြီးတော့ သေချင်ယောင် မဆောင်နိုင်တော့ပေ။ မြေကြီးပေါ်မှ အလျင်အမြန် ကုန်းရုန်း ထရင်း ခေါင်း တဆတ်ဆတ် ညိတ်နေတော့တယ်။
“တောင်းပန်ပါတယ်… ကျွန်မကို ခွင့်လွှတ်ပေးပါ ကျွန်မ အသက်ကို ချမ်းသာပေးမယ်ဆိုရင် တစ်ဘဝလုံး လုပ်ကျွေး ပြုစုပါမယ်… အရှင် အမှုတော်ထမ်း တစ်ယောက် ဖြစ်လာစေရမယ်”
ရှောင်ယွီချင်းကို မန္တန်နဲ့ အဝေးတစ်နေရာကို ကူးပြောင်း မပေးခင်တည်းက သူမက သေဖို့ ဆုံးဖြတ် ထားပြီးသားပါ။ ဒါပေမဲ့ လောကကြီးထဲမှာ သေခြင်းကို မကြောက်တဲ့လူ ရှိပါ့မလား။ ဒီကနေ့ ဒီလို နေရာမျိုး ရောက်လာဖို့ သူမ ကြိုးစား အားထုတ်ခဲ့ရတာ အရမ်း ပင်ပန်းလွန်းပါတယ်။ တစ်ယောက်တည်း ရုန်းကန် ကြိုးစား လာရတာလေ။
သူမ ရှင်သန်ချင်တာပေါ့… ။ ဒီလို အခြေအနေ… ဒီလို နေရာမျိုးမှာ သူမ မသေချင်ဘူး။
“ငါ့အမှုတော်ထမ်းတဲ့လား”
လင်းကျင်းဖန်လည်း မေငေါ့လိုက်ပြီး ထေ့ငေါ့လိုက်တယ်။
“မင်းနဲ့ ထိုက်တန်လို့လား”
ထိုလူအသံက အထင်မြင်သေးမှုများဖြင့် ပြည့်နှက်နေခဲ့တယ်။ အခုအချိန်မှာ သူ့မျက်လုံးထဲ အရူးမ တစ်ယောက်လို ဖြစ်နေတဲ့ လင်ယွဲ့ကို အာရုံမထားသလို သူ့မျက်ဝန်းက အရမ်းကို မာနတံခွန် လွှင့်ထူနေတယ်။ တကယ်လည်း ဝိညာဉ် နတ်ဘုရားတောင် အမှုတော်ထမ်း ဖြစ်ဖို့ အရူးအမူး ကြံစည်နေတတ်တဲ့ လူအများကြီး ရှိခဲ့ပါတယ်။ သူမကိုယ် သူမ အရည်အချင်း ရှိတယ်လို့ လင်ယွဲ့က ထင်ရဲတယ်ပေါ့။
“ဗိုင်း”
လင်ယွဲ့မှာ နောက်ဘက်သို့ လန်ကျသွားပြီး ဒယိမ်းဒယိုင် ဖြစ်ကာ မြေကြီးပေါ် လဲကျသွားခဲ့တယ်။ ရုတ်တရက် သူမလည်း အကျယ်ကြီး အော်ပြောမိတယ်။
“ကျွန်မ ပြောတာ အမှားပါသွားလို့လား…မှန်ပါတယ်… ဝိညာဉ် နတ်ဘုရားတောင်က တန်ခိုး အာဏာ ကြီးမားပါတယ်… ဒါပေမဲ့ ဘာ ဂရုစိုက်နေစရာ လိုအပ်လဲ … ကိုယ့်ဘာသာ အထင်ကြီး မနေနဲ့… ရှင်က မျိုးဆက် မရှိဘဲ သေဆုံးရမှာလေ ရှင် ငရဲရောက်သွားရင်တောင် ရှင့်မျိုးဆက်လေးတွေနဲ့ တွေ့ရမှာ မဟုတ်ဘူး ဟား…ဟား… ဟား…”
ဘာပဲဖြစ်ဖြစ် သူမက သေမှာပဲလေ။ သူမ မသေခင်မှာ သူမရှေ့က လူများကို သိက္ခာမဲ့အောင် မပြောရဲစရာ မရှိဘူး။ လင်းကျင်းဖန် မျက်နှာ ချက်ချင်း ပြောင်းလဲသွားတာ မြင်ရတော့ လင်ယွဲ့ အတော်လေး ကျေနပ် အားရမိတယ်။
 
***

သရဲဘုရင်ရဲ့ချစ်လှစွာသောဇနီးဆိုးလေး အပိုင်း(၄၀၁ မှ ၅၀၂)Where stories live. Discover now