အပိုင်း(၄၂၈)
ရှောင်ချန် ရူးသွားခြင်း
ဒါက ရှောင်မိသားစု သားအဖေ နှစ်ယောက်ရဲ့ စရိုက် အမှန်တွေပဲလေ။
သူ့အမြင်မှာတော့ ခွေးနှစ်ကောင် ကိုက်နေသလိုပဲ။
ယွမ်လော့ဖုန်းလည်း ရှောင်ချန်ကို ကောက်ကျစ် စဉ်းလဲဟန် ကြည့်လိုက်တယ်။ သူမ မျက်ဝန်း နက်များက အထက်စီးဆန်သော အလင်းတန်းများဖြင့် တဖျတ်ဖျတ် လက်နေခဲ့တယ်။
“ဒါဆို… ရှင့်ကို ကျွန်မက ဆယ်နှစ်ကြာအောင် ထောင်သွင်း အကျဉ်းကျထားမယ် … ဒီဆယ်နှစ် အတွင်းမှာ အင်္သချေသော ညှဉ်းပန်း နှိပ်စက်မှုများနဲ့ နာကျင်မှုတွေကို မြည်းစမ်းစေမယ် … ဆယ်နှစ်ကြာသွားရင် အဲဒီအတွက် အစားထိုးပေးမယ်လို့ ပြောမယ် ဒါဆို… ရှင်လက်ခံနိုင်မလား… ဒီအကြံကို ရှင် ဘယ်လို ယူဆလဲ”
ရှောင်ချန် မျက်နှာသွင်ပြင်က ကြောက်မက်ဖွယ် ကောင်းလောက်အောင် ချက်ချင်း ဖြူဖျော့ သွားခဲ့တယ်။ သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ဘဲ ဒေါသဖြင့် ကြိမ်ဝါး လိုက်တယ်။
“ဒါပေမဲ့ ငါက ယွမ်ရှောင်ရဲ့ အဖေ… သူ … ငါ့အပေါ် ဒီလိုမျိုး ပြုမူရင်း ကောင်းကင်ဘုံက အမျက်ဒေါသဖြစ်ပြီး အပြစ်ပေးလိမ်မယ်”
“ဒီလိုလား”
ယွမ်လော့ဖုန်း နှုတ်ခမ်းပါးမှ ခပ်ရေးရေး အပြုံးလေး ပေါ်လွင်လာတယ်။
“ဒါဆို အခု ရှင့်အပြုအမူကို ဘယ်လို သတ်မှတ်ပေးရမလဲ … ရှင်က ပိုပြီးတော့တောင် ကောင်းကင်ဘုံရဲ့ အမျက်ဒေါသကို ခံစားရမယ် မဟုတ်ဘူးလား … ရှင်က ယွမ်ရှောင် ဘဝကို ပေးခဲ့တာလေးပဲ ရှိတယ်… ဒါပေမဲ့ ရှောင်လင်းကတော့ ရှင့်ကို ဒီအရွယ်ရောက်အောင် ပြုစု ပျိုးထောင်လာခဲ့ပြီး ရတနာပစ္စည်း အများကြီးကို ရက်ရက်ရောရော ပေးကမ်းခဲ့တဲ့အပြင် အကန့်အသတ်မဲ့တဲ့ ခမ်းနား ထည်ဝါမှုများကိုလည်း ပေးအပ်ခဲ့တယ် ဒါတောင် ရှင်က သူ့ကို အဘိုးကြီးလို့ ထပ်ခါထပ်ခါ ခေါ်နေသေးတယ်… သူ့ပြစ်မှုကို ဖြေဖျောက်ဖို့ လည်မျိုကို ဓားနဲ့ လှီးပြီး သေစေချင်နေတယ်… ရှင့်အပြုအမူကိုလည်း ကောင်းကင်ဘုံက အမျက်မထွက်ဘူးလို့ ထင်နေတာလား”
ဗိုင်း…။
ရှောင်ချန်ရဲ့ ခေါင်းထဲမှာ မိုးကြိုး ချုန်းသံကဲ့သို့ ပေါက်ကွဲသံ ဖြစ်ပေါ်လာပြီး သူ့မှာ ခြေလှမ်းနောက်သို့ ဆုတ်သွားရတယ်။ သူ့လည်း လက်သီးကို ကျစ်နေအောင် ဆုပ်ကိုင်လိုက်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူ့နှလုံးသားထဲက တုန်ရီမှုက မပျောက်ကွယ် သွားခဲ့ပေ။
ယွမ်လော့ဖုန်းလည်း သူ့ကို ခံစားချက် ကင်းမဲ့စွာ ကြည့်လိုက်တယ်။ ထိုအကြည့်မှာ တစ်လောကလုံးကို အထင်မြင်သေးသော၊ မာနဝင့်ကြွားသော၊ အထက်စီးဆန်သော သဘောထား ရှိနေတယ်။
“ကျွန်မက လူသိများတဲ့ ကောင်းကင်ဘုံ အမျက်ဒေါသ ဆိုတာကို မယုံကြည်ဘူး… မကျေနပ်ချက် တစ်ခုချင်းစီကို လက်စားချေဖို့သာ ယုံကြည်ရတယ် …. ရှင် အရင်က ယွမ်ရှောင်ကို မကောင်းကြံခဲ့တယ်... ဒါကြောင့် ရှင်… အခု ပြန်ပေးဆပ်ဖို့ အချိန်တန်ပြီ”
“မပေးဆပ်နိုင်ဘူး…”
ရှောင်ချန်လည်း ရုတ်တရက် စီခနဲ ကျယ်လောင်စွာ အော်ဟစ်လိုက်တယ်။
“ငါ မသေချင်ဘူး… ငါ ဒီနေရာမှာ မသေချင်ဘူး”
ထိုစကားကို ပြောပြီးနောက် သူလည်း ရုတ်တရက် အသက်ပျောက်နေတာ ကြာပြီဖြစ်တဲ့ လင်ယွဲ့ကို တစ်ဟုန်ထိုး တိုက်ခိုက်တော့တယ်။ ဓားရှည်ကို ဆွဲထုတ်ပြီး ခက်ထန် ကြမ်းကြုတ်စွာ လူသေအလောင်းကို ဓားနဲ့ ခုတ်နေခဲ့တယ်။
“အားလုံး မင်းကြောင့် ဖြစ်ရတာ… မင်း မရှိခဲ့ရင် တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာလေး ယွမ်ရှောင်ကို လွဲချော်ခဲ့မှာ မဟုတ်ဘူး … မင်းနဲ့ ရှောင်ယွီချင်း နှစ်ယောက်စလုံးက သေဖို့ ထိုက်တန်တယ် … မင်းကြောင့်သာ မဟုတ်ရင် ရှောင်ချန်ဆိုတဲ့ ငါက သရဲဘုရင်ရဲ့ ခန့်ညားတဲ့ ဖခင် တစ်ယောက် ဖြစ်လာနိုင်တယ်… ဟား…ဟား… ဟား…”
သူ လုံးဝ ရူးသွားခဲ့ပြီ…။
သူ့ဦးခေါင်းမှ မင်ရောင်ကဲ့သို့ ဆံပင်များက သူ့ပခုံးပေါ် ရှုပ်ရှုပ်ပွပွ ဖြစ်နေပြီး သူမျက်နှာထားကို ရက်စက် ယုတ်မာသော ပုံစံဖြစ်စေတယ်။ သူ့ဒေါသကို ဖြေဖျောက်ရတာ မလုံလောက်ဘူး ထင်ပါတယ် သူ့လက်ထဲမှ ဓားရှည်ကို သုံးပြီး သူ့ရှေ့က လူသေအလောင်းကို အပိုင်းပိုင်း ဖြစ်အောင် ခုတ်ထစ်နေတယ်။
“ရှောင်ပိုင် ”
ဒီသွေးထွက်သံယို မြင်ကွင်းကြောင့် သူ့သမီး စိတ်ဒဏ်ရာ ရသွားမှာ ကြောက်မိတယ်။ သူ့သမီး မျက်လုံးကို ချက်ချင်း ဖုံးထားလိုက်ချင်တယ်။ သို့သော်လည်း လင်းလောပိုင်က သူ့လက်ကို ချက်ချင်း ပုတ်ထုတ် လိုက်တယ်။ သူမရှေ့က သွေးထွက်သံယို မြင်ကွင်းကို မျက်လုံးပြူးပြူး ဝိုင်းဝိုင်းလေးဖြင့် စောင့်ကြည့်နေတယ်။ သူမ မျက်လုံးက စိတ်လှုပ်ရှားမှုများဖြင့် တဖျတ်ဖျတ် လက်နေခဲ့တယ်။
ချက်ချင်း လင်းကျင်းဖန်မှာ အံ့သြ ထိတ်လန့်သွားရတယ်။
သူ့သမီးလေးကို ဂရုတစိုက် အကဲခတ် ကြည့်လိုက်တယ်။ သူ့သမီးရဲ့ ဒီလို ပုံစံမျိုးကို ပထမဆုံးအကြိမ် တွေ့ဖူးတာပဲ။
ဒီကောင်မလေးရဲ့ အရိုးမှာ သွေးထွက် သံယို ကြမ်းတမ်း ရက်စက်သော မျိုးရိုးဗီဇများ ဖုံးထားတာပါလား။ ဒါကြောင့်လည်း တခြား လူတစ်ယောက်ကို အပိုင်းပိုင်း ခုတ်ထစ်နေတာကို စိတ်လှုပ်ရှားစွာ ကြည့်နေတာပေါ့။ သူမကိုယ်တိုင် စမ်းသပ်ကြည့်ချင်တဲ့ စိတ်အားထက်သန်နေတဲ့ ပုံစံကို မြင်ရတော့ လင်းကျင်းဖန် နှုတ်ခမ်းက မဲ့သွားတယ်။
သူလည်း လေးနက် တည်ကြည်စွာ စကားဆိုလိုက်တယ်။
“ရှောင်ပိုင်… သမီးလေး နောင်ဆို ဒီလို သွေးထွက်သံယို မြင်ကွင်းမျိုး မလုပ်ဆောင်ရဘူးနော်… ရန်သူနဲ့ ရင်ဆိုင်ရလည်း … တစ်ချက်သတ်တာနဲ့ လုံလောက်ပါတယ်… ဖေဖေ ပြောတာ နားလည်လား”
လင်းလောပိုင်လည်း သူမမျက်လုံးများကို တဖျတ်ဖျတ် ခတ်လိုက်ပြီး ချစ်စဖွယ် ခေါင်းညိတ်လိုက်တယ်။
“သမီး နားလည်ပါတယ်… ဖေဖေ သမီးက သိချင်ရုံလေးပါ… ကိုယ်တိုင် မစမ်းသပ်ပါဘူး”
“သမီးလေး နားလည်ရင် ရပါပြီ”
လင်းကျင်းဖန်လည်း သူ့သမီးလေး ခေါင်းကို ပုတ်လိုက်တယ်။ သူ့အကြည့်က နူးညံ့ သိမ်မွေ့နေတာပေါ့။ သူ့သမီးလေးကို အားရကျေနပ်ဖို့ အတွက်နဲ့ လူသေကောင်ကို ရုပ်ပျက်ဆင်းပျက် ဖြစ်စေတဲ့ စိတ်ဝေဒနာရှင် တစ်ယောက် မဖြစ်စေချင်ဘူး။
“ဟား…”
အနောက်ဘက် ခြံဝင်းအတွင်းမှာ ရှောင်ချန်ရဲ့ အရူးလို ရယ်သံက ပဲ့တင်ထပ်လာခဲ့ပြီး နေရာတိုင်းသို့ ပျံ့လွင့်လာခဲ့တယ်။ သူ့ရယ်သံက ယုတ်မာ ရက်စက်သော ပုံစံဆောင်ပြီး ကြားရသူ အပေါင်းကို မအေးသော်လည်း ခိုက်ခိုက်တုန်စေတယ်။
“သေပြီ… မင်း နောက်ဆုံးတော့ တကယ် သေသွားပြီ… ရှောင်ယွီချင်းလည်း သေရမယ်… မင်းတို့ နှစ်ယောက်ကြောင့်သာ မဟုတ်ရင် ငါက ဒီလို စိတ်ပျက်ဖွယ် အခြေအနေ ရောက်မှာ မဟုတ်ဘူး မင်းတို့ နှစ်ယောက်လုံး သေဖို့ ထိုက်တန်တယ်”
အခုအချိန်မှာတောင် ရှောင်ချန်က သူ့ကံတရား ဘယ်လို ဖြစ်နေလဲဆိုတာ မတွေးတက်သေးဘူး… တခြားလူကို ဆက်ပြီး အပြစ်လွှဲချ ချင်နေသေးတယ်…။
***

YOU ARE READING
သရဲဘုရင်ရဲ့ချစ်လှစွာသောဇနီးဆိုးလေး အပိုင်း(၄၀၁ မှ ၅၀၂)
Romansaအပိုင်း၁၅၀၀အထိ freeလက်ဆောင်ယူပြီး Gp1ခုကို 2000ကျပ်ဖြင့် အားပေးလို့ ရပါတယ်