493+494+495+496+497

475 20 0
                                    

အပိုင်း(၄၉၃)

လေးယောက်မြောက်အကြီးအကဲ၏ အလွမ်းဇာတ် (၉)

 
“နင်ရှင်း… ငါနဲ့ နင်ယွမ် သေရမယ်ဆိုလည်း ဘာပဲဖြစ်လာ ဖြစ်လာ မင်းကို ငါတို့နဲ့အတူတူ ငရဲကို ဆွဲခေါ်သွားမယ် ဒါမှ မင်းက နင်ယွမ်ရဲ့ဇနီး ဖြစ်လာနိုင်တော့မှာ…”
သူ့အသံ ပျောက်ကွယ်လုနီးပါး အချိန်မှာ လေပွေးကဲ့သို့ ခက်ထန် ကြမ်းကြုတ်သော အကြည့်စူးစူးဖြင့် နင်ရှင်း ရှိရာသို့ တစ်ဟုန်ထိုး ပြေးသွားလိုက်တယ်။ သူ… ယွမ်လော့ဖုန်းကို မတိုက်ခိုက် နိုင်တော့တာ သူ သိနေခဲ့ပါတယ်။ ဒါကြောင့် နင်ရှင်း အသက်ကို နုတ်ယူဖို့ ရွေးချယ်ခဲ့တာ။ ဒါမှလည်း နင်ယွမ် နောက်ဘဝမှာ အထီးမကျန်တော့မှာပါ။
“သတိထား”
ယွမ်ချင်ရာလည်း နင်ရှင်းကို သူ့ရင်ခွင်ထဲ ထည့်ထားလိုက်ပြီး လေးယောက်မြောက် အကြီးအကဲကို ကျောခိုင်း လိုက်ပါတယ်။ သူ့ဝတ်စုံက ကောင်မလေး ခန္ဓာကိုယ်ကို ဖုံးကွယ်ထားခဲ့တယ်။ ထိုအချိန် နောက်ထပ် လူတစ်ယောက်က မြားတစ်စင်းကဲ့သို့ သူတို့အနား ရောက်ရှိလာခဲ့တယ်။ ယွမ်ချင်ရာကလည်း သူ့ခန္ဓာကိုယ်နဲ့ နင်ရှင်းကို တံတိုင်းသဖွယ် ကာကွယ်ထားသလို… ထိုလူကလည်း နင်ရှင်း ရှေ့မှာ ရပ်နေခဲ့တယ်။
ဘန်း…
ပြင်းထန်သော စွမ်းအားနဲ့ လေးယောက်မြောက် အကြီးအကဲလည်း လူငယ်လေး ရင်ဘတ်ကို လက်သီးနဲ့ ခပ်ပြင်းပြင်း ထိုးလိုက်တယ်။ လူငယ်လေး၏ ပိန်ပါးသော ခန္ဓာကိုယ်မှာ ချက်ချင်း မြေကြီးပေါ် လဲကျသွားခဲ့ပြီး သူ့ပါးစပ်မှ သွေးများ လျှမ်းလာပါတော့တယ်။
လေးယောက်မြောက် အကြီးအကဲလည်း အံ့သြမှင်တက် သွားရတယ်။ တောင့်တင်းနေတဲ့ သူ့ခေါင်းကို မော့ပြီး နင်ရှင်းအစား ထိုးနှက်မှုကို ခံယူလိုက်တဲ့ လူငယ်လေးကို ကြည့်လိုက်တယ်။ သူ့အသံမှာ ကတုန်ကရီ ဖြစ်လာရတယ်။
“ဘာလို့လဲ”
“ဖေဖေ”
နင်ယွမ်လည်း ခပ်ရေးရေးမျှ ပြုံးလိုက်တယ်။ သူ့အပြုံးက ချည့်နဲ့နေပြီး အဆုံးမဲ့သော နာကျင်မှုများ ပြည့်နှက် နေခဲ့ပါတယ်။
“နင်ရှင်းကို ထိခိုက် နာကျင်အောင် မလုပ်ပါနဲ့နော်…”
“ယွမ်အာ… ဒါတွေ အားလုံးကို သားအတွက် ဖေဖေ လုပ်ပေးရတာလေ… သား မမြင်နိုင်ဘူးလား… ဒီလူတွေက ဖေဖေတို့ကို အလွတ်ပေးမှာ မဟုတ်ဘူး … နင်ရှင်းကြောင့် သားမှာ တစ်ကိုယ်တည်း နှစ်ပေါင်းများစွာ နေထိုင်ခဲ့တယ် ဖေဖေက သူမကို သားဇနီး ဖြစ်စေချင်တာ… မင်း ဘာကြောင့် သူမကို ကယ်တင်ရတာလဲ”
လေးယောက်မြောက် အကြီးအကဲရဲ့ မျက်လုံးများက မယုံကြည်နိုင်မှုများ တဖွားဖွား ဖြစ်ပေါ်နေရတယ်။ အိုမင်နေသော သူ့ခန္ဓာကိုယ်က အပြင်းအထန် တုန်ရီနေပြီး သူ့မျက်ဝန်းများက ဒေါသမီးလျှံများ ပြည့်လျှံနေရတယ်။ သူ့သားကို ဒေါသတကြီး အော်ဟစ်နေခဲ့တယ်။ ဒါတွေ အားလုံးကို သူ့သားလေး အတွက် သူ လုပ်ခဲ့တာပါ။ သူ့ကို ဘာကြောင့် ပုန်ကန်ရတာလဲ…။
“ဘာပဲဖြစ်ဖြစ် နင်ရှင်းကို မနာကျင်စေချင်ဘူး…”
နင်ယွမ်လည်း နာကျင်မှုကြားမှ ကြိုးစား အားတင်း ပြုံးလိုက်ပါတယ်။
“ဖေဖေ့ကို စိတ်ပျက်စေခဲ့မိလို့ သား... တောင်းပန်ပါတယ်”
ထို့နောက် သူ့ခန္ဓာကိုယ် သူ့ကိုယ်သူ မသယ်နိုင်တော့ သကဲ့သို့ နောက်သို့ လန်ကျသွားခဲ့တယ်။ သူ့မျက်တောင် ရှည်များက တဆတ်ဆတ် တုန်ရီကာ တဖြည်းဖြည်းချင်း သူ့မျက်ဝန်း မှေးစဉ်းလာခဲ့တယ်။
“ယွမ်အာ”
လေးယောက်မြောက် အကြီးအကဲလည်း နာကျင် ကြေကွဲမှုကြောင့် ကျယ်လောင်စွာ အော်ငိုလိုက်တယ်။ သူ့ခန္ဓာကိုယ်ကို အမြန်လှုပ်ရှားပြီး နင်ယွမ်ရှိရာ အပြေးအလွှား သွားလိုက်တယ်။ နင်ယွမ် ခန္ဓာကိုယ်လေးကို ပွေ့ဖက်လိုက်ပြီး ဝမ်းနည်း ကြေကွဲစွာ အော်ဟစ်တော့တယ်။
“ယွမ်အာ… သားလေး… ထပါတော့… အားလုံးက ဖေဖေ့ အမှားတွေပါ… သား မျက်လုံးလေးတွေ ဖွင့်ပြီး ဖေဖေ့ကို ကြည့်လှည့်ပါနော်…”
သို့သော်ငြား… လူငယ်လေးက တိတ်ဆိတ်နေပြီး သူ့မျက်လုံးများကို ပိတ်ထားခဲ့တယ်။ လေးယောက်မြောက် အကြီးအကဲ၏ လက်သီးက လူငယ်လေးရဲ့ နှလုံးကို ကြေမွ ပျက်စီး သွားစေခဲ့တယ်။ ဒီလောကကြီးထဲမှ ရှိတဲ့ အတော်ဆုံးသော သမားတော်လည်း သူ့အသက်ကို ကယ်တင်နိုင်မှာ မဟုတ်ဘူး။
“မဖြစ်ရဘူး… ဖေဖေကို မထားရစ်ခဲ့ပါနဲ့…”
လေးယောက်မြောက် အကြီးအကဲလည်း လေထဲမှာ အော်ဟစ် ငိုကြွေးနေခဲ့ပြီး သူ့ရင်ကွဲနာကျသော ငိုသံက နင်အိမ်တော် တစ်ခုလုံးမှာ ပဲ့တင်ထပ် လာခဲ့တယ်။
“ယွမ်အာ… သား … ဖေဖေ့ကို မုန်းမယ် ဆိုလည်း မြေအောက်ကမ္ဘာမှာ သားကို အဖော်ပြုပေးဖို့ နင်ရှင်းကို သတ်ရဦးမယ်”
ဒေါသ … အမုန်း အာဃာတများဖြင့် ပြည့်နှက်နေသော လေးယောက်မြောက် အကြီးအကဲလည်း  နင်ယွမ် ခန္ဓာကိုယ်ကို မြေကြီးပေါ် ဖြည်းဖြည်းချင်း ချထားလိုက်ပြီး ခက်ထန်သော အကြည့်များနဲ့ ယွမ်ချင်ရာ… ရင်ခွင်ထဲမှာ ရှိနေတဲ့ ကောင်မလေးကို ကြည့်လိုက်တယ်။
“နင်ရှင်း… ငါ့သားက မင်းကို အရမ်း ချစ်ခဲ့တာတောင် သူ့အချစ်ကို ဘာကြောင့် လက်မခံရတာလဲ”
သူလည်း အံကြိတ်လိုက်ပြီး စကားတစ်ခွန်းချင်းစီကို နာကျင် ကြေကွဲစွာနဲ့ မေးလိုက်တယ်။
“တစ်လောကလုံးမှာ ငါ့သားထက် ပိုပြီးတော့ မင်းကို ချစ်နိုင်တဲ့လူ ရှိမှာ မဟုတ်ဘူး ဒါပေမဲ့ မိန်းမယုတ်ဖြစ်တဲ့ မင်းက ငါ့သားကို ငြင်းပယ်ပြီး ယွမ်ချင်ရာကို ရွေးချယ်ခဲ့တယ်… မင်းမှာ ငါ့သား အချစ်ကို ငြင်းပယ်ဖို့ အခွင့် မရှိဘူး”
နင်အကြီးအကဲ မျက်နှာက မည်းမှောင်လာခဲ့ပြီး လေးယောက်မြောက် အကြီးအကဲကို သွေးအေးစွာ ကြည့်လိုက်တယ်။
“နင်ယွမ်က ယောက်ျားကောင်း တစ်ယောက်ပါ… ကံဆိုးတာက သူ့မှာ မင်းလို ဖခင် တစ်ယောက် ရှိနေခဲ့တာပဲ မင်းကြောင့်သာ မဟုတ်ရင် သူ ဒီလို အဆုံးသတ်ရမှာ မဟုတ်ဘူး”
“ပါးစပ် ပိတ်ထားစမ်းပါ”
ရူးနှမ်းသွားသော လူတစ်ယောက်လို လေးယောက်မြောက် အကြီးအကဲက နင်အကြီးအကဲဘက် မြားဦးလှည့်ကာ ဒေါသတကြီး အော်ဟစ်တော့တယ်။
“မင်းတို့ နင်မိသားစုကြောင့် ယွမ်အာ သေရတာ… မင်းတို့အားလုံးက သူ့ကို သတ်ခဲ့တဲ့ လူသတ်သမား… ယွမ်အာအတွက် လက်စားချေဖို့ မင်းတို့ အားလုံးကို ငါ သတ်မယ်”
 
***

သရဲဘုရင်ရဲ့ချစ်လှစွာသောဇနီးဆိုးလေး အပိုင်း(၄၀၁ မှ ၅၀၂)Where stories live. Discover now