4 : Alice and the Wonderland

857 152 16
                                    

#PixieDust #4

ချစ်မိသွားသူတစ်ယောက်အနေဖြင့် ပထမဆုံးလုပ်ရန်မှာ Facebook Account ရှာအက်ဒ်ခြင်းပင်ဖြစ်မည်။

သို့သော် ပြဿနာက အေဒရီယန်လွမ်း လက်ရှိအသုံးပြုနေသည့်အကောင့်က သိပ်ပေါ်ထင်လွန်းသည်။ Follower သိန်းနှင့်ချီရှိနေမှတော့ လွတ်လွတ်လပ်လပ်ကြူးခွင့်မရလောက်ပေ။ ရှေ့ရေးကိုမျှော်တွေးရင်း ဖြင့် ထက်မြက်သောဆုံးဖြတ်ချက်ချလိုက်ရသည်။ အေဒရီယန်လွမ်း အကောင့်တုတစ်ခုဖွင့်မည်လေ။ ချစ် ရသူနှင့် နှစ်ယောက်တည်း ကမ္ဘာ ဖန်တီးမည်။ မည်မျှထိ သီးသန့်ကမ္ဘာဖြစ်ချင်သလဲဆိုလျှင် ကိုဉာဏ့်ကို ရော၊ အေဒရီယန်လွမ်း official အကောင့်ကိုရော၊ Simba အကောင့်ကိုရော add မည်မဟုတ်ပေ။ အဖေ တို့ကိုလည်း လက်ခံမည်မဟုတ်။ သာယာလိုက်လေခြင်း။ ရဲဆက် တစ်ယောက်ကိုသာ အကောင့်ထဲထား ပြီး နေ့နေ့ညည ကြည့်ကြူးမည်။ အကောင့်တုအတွက် နာမည်ကိုတော့ ထူးထူးခြားခြားစဉ်းစားရန်မလို။ ဤမျှလှပသော နာမည်တစ်ခုရှိနေသူအနေဖြင့် သူက အရှည်ကို မျှော်ကိုးခဲ့သည်ဟု ကိုယ့်ကိုယ်ကိုယ်ပင် ဂုဏ်ယူမိသေးသည်။ First Name – A, Last Name – Lwan. အကောင့်နာမည်က A Lwan ပေါ့။ မည်မျှ ကဗျာဆန်လိုက်သလဲနော်။ ပရိုဖိုင်ပုံကိုတော့ အတော်စဉ်းစားယူရသေးသည်။ Simba ပုံထားလျှင်လည်း သိသာသွားမည်။ သို့သော် သူမှန်းလည်းသိစေချင်သေးသည်။ ဤသို့ဖြင့် Simba နှင့်ဖက်ထားသော ပုံကို အောက်တစ်ပိုင်းဖြတ်၍ ပရိုဖိုင်တင်ထားလိုက်တော့သည်။ Crush ကို Add ရန် Facebook အကောင့် တစ်ခု ပြင်ဆင်ခြင်းတော့ အောင်မြင်ပြီဟုပြော၍ရသည်။

ရဲဆက် အကောင့်ကို ဝင်ကြည့်တော့ ဘောလုံးသမားပီပီ ပရိသတ်သူ့ဟာနှင့်သူရှိသည်။ ယောက်ျားလေး follower များလည်း တပုံတပင်။ ရဲဆက်က Social Media ကိုရိုးရိုးရှင်းရှင်းသာအသုံးပြုဟန်ရှိသည်။ ကြော်ငြာ ပို့စ်တချို့မှလွဲ၍ ကျန်သည့်ပုံများက ဘောလုံးနှင့်ပတ်သက်သည်တို့သာ။ ဘောလုံးလေ့ကျင့် သည့်ပုံ၊ ပွဲစဉ်ထဲမှပုံရိပ်များ၊ တခါတရံတော့ မန်ချက်စတာယူနိုက်တာ ဘောလုံးအသင်းကို အားပေးထား သည်တို့သာရှိသည်။ မည်သို့ပင်ဖြစ်စေ တိတ်တိတ်ရော ပေါ်တင်ရော ထားသည့် ရည်းစား အရိပ်အယောင် မရှိခြင်းအတွက် အေဒရီယန်လွမ်း အားတက်သွားမိသည်။ "အောင်စေဗျာ" ဟု မန်းမှုတ်ပြီးနောက် Crush အကောင့်ကို Friend Request ပို့လိုက်တော့သည်။ Follower အများအပြား ရှိသော်လည်း Friend Request ကတော့ ဝင်သွားသေးသည်ကိုပင် ကျေးဇူးတင်ရမည်။

Pixie DustWhere stories live. Discover now