13: Peterpan

677 125 73
                                    

#PixieDust #13

အေဒရီယန်လွမ်း ဘဝမှာ ဤခဏလောက် စိတ်မောနာကျင်ရသည့်အဖြစ်မျိုး မကြုံဖူးခဲ့။ လဲကျနေသော ရဲဆက်ကို ကြည့်ရင်း မျက်ရည်တို့က ထိန်းမရ တားမရအောင် ကျဆင်းနေ၏။ သို့သော် သူ့မှာ အနားကပ် ခွင့်မရ။ ကွင်းဘေးမှာ ဆေးအဖွဲ့၏ အရေးပေါ်ကုသမှုကိုခံယူနေရသော ရဲဆက်ကို ခပ်လှမ်းလှမ်းမှသာ ကြည့်ရရင်း မျက်နှာဖုံးအောက်မှာ ပူလောင်နေမိသည်မှာ ဘောလုံးအသင်းတာဝန်ရှိသူတစ်ယောက်က သူ့ အနားသို့ ရောက်လာကာ ကွင်းထဲမှ ခေါ်ထုတ်မသွားခင်ထိပင်။

"အေဒရီယန်လွမ်း.. ညီလေး လာ လာ။ ကွင်းထဲမှာ ရန်တွေဖြစ်နေကြတာ။ မင်း မန်နေဂျာက ဖုန်းဆက် ထားတယ်၊ အစ်ကိုတို့နဲ့ လုံခြုံတဲ့နေရာမှာ နေရအောင်"

"ရဲဆက် ဘာဖြစ်သွားသေးလဲဟင်"

"မသိသေးဘူး ညီလေး။ အစ်ကိုတို့ ဆေးရုံကားတော့ခေါ်ထားတယ်။ ဒဏ်ရာပြင်းရင်တော့ ဆေးရုံပို့ရမှာ"

ရင်ထဲ စူးအောင့်လာသဖြင့် အေဒရီယန်လွမ်း ဘေးကိုထိန်းကိုင်လိုက်ရ၏။

"ကျွန်တော် ရဲဆက် ဘေးကိုသွားလို့မရဘူးလားဟင်"

"ကွင်းထဲမှာ အခြေအနေမကောင်းဘူးကွ"

ထိုအချိန်မှာပင် ကွင်းထဲမှ ဆေးအဖွဲ့သားတစ်ဦး ထွက်လာ၏။

"ဆရာ.. ရဲဆက် သတိမရဘူးဖြစ်နေတယ်။ ဆေးရုံပို့ရမယ်။ ပွဲတော့​ရပ်ခိုင်းလို့မဖြစ်ဘူးပြောတယ်။ ရန်ပွဲတွေဖြစ်မှာစိုးလို့တဲ့"

"ဆေးရုံကားရောက်ပြီလား။ သွားကြစို့"

"ကျွန်တော်လိုက်ခဲ့ချင်တယ်"

"ဟင်.. ဒါက .."

"ကျွန်တော်က ရဲဆက်ရဲ့အုပ်ထိန်းသူပါ"

ဆေးဝန်ထမ်းရော တာဝန်ရှိသူပါ ပါးစပ်အဟောင်းသားဖြစ်သွား၏။ သူတို့မသိလိုက်ခဲ့သော ရဲဆက်၏ အုပ်ထိန်းသူမှာ နာမည်ကြီးမင်းသားတစ်ယောက်တဲ့လား ဆိုသည့် အကြည့်မျိုးဖြင့် ပင့်ကြည့်ကြသည်။

"တောင်းဆိုပါတယ်။ ကျွန်တော်လိုက်ခဲ့ပါရစေ"

"အုပ်ထိန်းသူဆိုတော့လည်း.. အင်း.. ညီလေးက တခြားသူမှမဟုတ်တာလေ။ ရဲဆက်ကိုခေါ်ခဲ့တော့"

Pixie DustWhere stories live. Discover now