#PixieDust #17
ရုတ်တရက် မပြောမဆိုနှင့် ရောက်ချလာသော မာမားကြောင့် ရဲဆက် ခေါင်းကိုက်သွားရသည်။ အစ်ကိုနှင့် Simba ပါရှိနေချိန်ဖြစ်၍ ရှင်းပြရပိုခက်၏။ အိပ်ရာပေါ်မှ အဆင်း တွဲလောင်းဖြစ်နေသည့် အစ်ကို့ကို မာမားက ၁၀ စက္ကန့်နီးပါးမျှ ပါးစပ်အဟောင်းသားဖြင့်ကြည့်နေသေးသည်။ မာမားနှင့် အစ်ကိုတို့ အဆင်မ ပြေဖြစ်ကြမည်ကိုတွေးပြီး ရဲဆက်မှာ ကမ္ဘာ့ဖလားပင်နယ်တီကန်နေရသလို ခံစားနေရပြီ။
"မာမား.. ဘယ်လိုရောက်လာတာလဲ။ ကြိုလည်းမပြောဘူး"
အစ်ကို ကုန်းရုန်းထနေတုန်း ရဲဆက်က ရှေ့မှ သွားကာရပ်လိုက်ပြီး မာမားကို အာရုံလွှဲရန်ကြိုးစားကြည့် သေးသည်။ သို့သော် ရဲဆက် ဝတ်ထားသော အေပရွန်က ထိုရည်ရွယ်ချက်ကို အထောက်အကူမဖြစ်စေပါ။
မာမား၏ အကြည့်စူးစူးကြီးကြောင့် ရဲဆက် အငွေ့ပျံချင်လာသည်။
"မင်းဒဏ်ရာကိစ္စ သတင်းတွေ့လို့ စိတ်ပူပြီးလိုက်လာတာ။ အခုတော့ မင်းက ..."
"မေမေ.. ကျွန်တော်ရှင်းပြနိုင်ပါတယ်။ ဒါ ရဲဆက် အပြစ်မဟုတ်ပါဘူး"
သွားပြီ။ ရဲဆက် ကြည့်ဖြေရှင်းရန်ပြင်နေစဉ် အစ်ကိုက အတင်းကာရော ရှေ့တိုးလာပြီး မေမေဟု ခေါ်ကာ မာမားလက်ကိုကိုင်ပစ်လိုက်၏။ ရဲဆက်မပြောနှင့်၊ Simba ပင် အိ ခနဲအော်ပြီး မကြည့်ရဲတော့သည့်ပုံ ဖြင့် တစ်ဖက်သို့ မျက်နှာလေးလှည့်သွားရှာသည်။ မာမားကတော့ အစ်ကို့ကို အလန့်တကြားကြည့်နေ၏။
"မေမေ ဟုတ်လား။ မင်းက ဘယ်သူတုန်း"
ရဲဆက် ဘာမှမတုံ့ပြန်နိုင်ခင်မှာပင် အစ်ကိုက ပြုံးပြလိုက်ပြီး မာမားကို ဆိုဖာပေါ်သို့ တွဲခေါ်လာကာ ဖြည်းဖြည်းချင်းထိုင်စေသည်။
"အခုလိုပုံစံမျိုးနဲ့ ကျွန်တော့်ကို တွေ့လိုက်ရတော့ မေမေ့အနေနဲ့ တော်တော်လေး စိတ်နှလုံး ပူပန်သွားမှာ ကျွန်တော် နားလည်ပါတယ်ခင်ဗျ။ မေမေ တွေးနေမှာတွေကိုလည်း ကျွန်တော်သိပါတယ်ဗျ။ အခုတော့ ဒီနေရာလေးမှာ ခဏထိုင်ပြီး အနားယူပါဦးနော်။ ကျွန်တော် ကော်ဖီလေးဖျော်ပေးပါဦးမယ်။ ကော်ဖီ သောက်ရင်းနဲ့ အေးအေးဆေးဆေး နားထောင်ပါ မေမေ ခင်ဗျ"

VOUS LISEZ
Pixie Dust
Roman d'amourအေဒရီယန်လွမ်း ဆိုတဲ့ ရုပ်ချောချော သရုပ်ဆောင်ချာချာမင်းသားနဲ့ ရဲဆက် ဆိုတဲ့ လက်ရွေးစင် ဘောလုံးသမား တိုက်စစ်မှူးလေးတို့ရဲ့ နတ်သမီးပုံပြင်ဆန်ဆန် ဇာတ်လမ်းလေးပါပဲ။ Pure Romantic-Comedy Story by Mon Shwe Yee (ဒရာမာ ထရော်မာမပါအောင်ဂရုစိုက်ထားပါသည်။ သို့သော်...