ဖဝါးထက်က ပုလဲသွယ် (၂)(ခ)

1.4K 237 2
                                    

Translation of Pearl In The Palm.

ဖဝါးထက်က ပုလဲသွယ် (၂)(ခ)

Translator - Jinnie Grace
________

အပြင်ဖက်တွင် လှည်းတစ်ခုရှိပြီး လူရှစ်ယောက်လောက်စောင့်နေကြသည်။ အကြောင်းက ယဲ့လီကျူး အဆင်မပြေဖြစ်မှာကို ယဲ့ဖူအန်း စိုးရိမ်လို့ပင်။ တောင်အောက်ကို ဆင်းလျှင် သူတို့က သယ်ပေးကြလိမ့်မည်။

နူးညံ့သည့်လှည်းပေါ်တွင်ထိုင်ရင်း ယဲ့လီကျူးတစ်ယာက် မေးဖို့ကို တုံ့ဆိုင်းနေမိသည်။ "အဖေ... အမေ နေကောင်းရဲ့လား"

ယဲဖူအန်းမျက်နှာပျက်သွားသည်။
သူ အဲဒီအကြောင်းကို ယဲ့လီကျူးအား ဖုံးကွယ်ထားတာ ရှစ်နှစ်ရှိပြီဖြစ်ကာ မဖုံးကွယ်နိုင်တော့ပေ။

ယဲ့ဖူအန်းက ပြောလိုက်သည်။
"လီကျူး သမီးအမေက...ဆုံးသွားတာ ကြာပြီ"

"ရှင်"

ယဲ့လီကျူးသည် သူ့နားသူ မယုံနိုင်တော့ပေ။
_____

ယဲ့လီကျူးဘုရားကျောင်း၌ ရှိနေခဲ့စဉ် လာရောက်ခဲ့သူက ယဲ့ဖူအန်းတစ်ဦးတည်းသာ ရှိသည်။ သူမ အမေက သူမကို မလိုချင်တော့ဘူးလားဟု ယဲ့လီကျူး တိတ်တိတ်လေး တွေးခဲ့ဖူးသော်လည်း ထိုအတွေးတွေက ခဏနှင့် ပျောက်ကွယ်သွားရသည်။  အခုတော့ သူမအဖေက မိခင်ဖြစ်သူ မရှိတော့ဘူးဟု ပြောလာတော့ ခဏတာလောက် သူမ လက်မခံနိုင်ဖြစ်သွားရသည်။

သူမ၏ဖခင်ကို ကြည့်လိုက်မိသည်။
"အဖေ ဘာပြောလိုက်တာလဲဟင်"

ယဲ့လီကျူး၏ အသားအရောင် မကောင်းတော့တာကို ယဲ့ဖူအန်းက သတိထားမိသည်။ သူအစက ယဲ့လီကျူးကို ပြောဖို့ တွေးမထားသော်လည်း ဒီကိစ္စကို အချိန်အကြာကြီးတော့ သူဖုံးထားနိုင်မှာ မဟုတ်ပေ။
ထို့အပြင် ယဲ့လီကျူး၏အမေ ကျန်းရှီကလည်း တိမ်းပါးသွားတာ ရှစ်နှစ်ကြာခဲ့ပြီ။
ထိုစဉ်က ယဲ့လီကျူးငယ်သေးတာမို့ သူ့သမီး မခံစားနိုင်မှာကို ယဲ့ဖူအန်းစိုးခဲ့သည်။ အခုတော့ ယဲ့ဖူအန်း မပြောတောင် သမီးက အိမ်ကိုပြန်ရောက်ပြီမို့ တစ်ယောက်ယောက်ကတော့ ပြောမှာပင်။ ယဲ့လီကျူးကလည်း သူမ အမေအကြောင်း သိချင်မှာပင်။
ယဲ့ဖူအန်းက ပြောလိုက်၏။ "သမီးသွားတုန်းက သမီးအမေက သမီးမောင်လေးကိုယ်ဝန်ကြီးနဲ့ ကျန်ခဲ့တာ။ သူမီးဖွားနေရင်း သမီးမောင်လေးကို ကယ်နိုင်ခဲ့ပေမဲ့ သူကတော့....."

ယဲ့လီကျူး၏ မျက်လုံးများက ရုတ်တရက်ပြူးကျယ်သွားသည်။
သူမအမေဆုံးသွားတာ အချိန်အတော်ကြာနေပြီ။ ဒါကို သူမက အခုမှသိရသည်။

ယဲ့ဖူအန်းက သူ့လက်နှင့် ယဲ့လီကျူးမျက်ရည်တွေကို သုတ်ပေး၏။
"လီကျူး မငိုပါနဲ့။ သမီးကို မွေးခဲ့တဲ့အမေက သမီးကို မစဉ်းစားဘဲ ဘယ်နေပါ့မလဲ။ သမီးမောင်လေးကို မွေးနေရင်း သွေးလွန်နေတုန်းကတောင် သမီးနာမည်ကိုပဲ ဆက်တိုက်ရွတ်နေတာ။ သူမ ဘယ်လိုပဲဖြစ်လာဖြစ်လာ သမီးကို သားသမီးဝတ်ကိုဖြည့်ဖို့မပြောခဲ့ဘူး။ သူ မရတော့တာကို သိတော့......"

ယဲ့လီကျူးတစ်ယောက် စကားတစ်လုံးတောင် မပြောနိုင်တော့ဘဲ တသိမ့်သိမ့်ရှိုက်ငိုနေမိသည်။

ယဲ့ဖူအန်း သူမကို ချော့သိပ်နိုင်လိုက်သည့်အချိန်တွင် နေဝင်ရီတရောဖြစ်နေလေပြီ။ မြို့တော်နှင့်လည်း ဝေးနေသေးတာမို့ ဒီညတော့ တည်းခိုဆောင်တစ်ခုတွင်နားရမည်။

ယဲ့ဖူအန်းက အားကောင်းမောင်းသန်မိန်းမတစ်ယောက်ကို ခေါ်ကာ ယဲ့လီကျူးကို ပွေ့စေလိုက်သည်။

လှည်းရပ်သွားတော့ မှောင်နေပြီ။ အစေခံတစ်ယောက်က အခန်းရ၊ မရကို သွားမေးသည်။ ခဏအကြာမှာပဲ ထိုအစေခံပြန်ရောက်လာသည်။

"သခင် အခန်းတွေအကုန်လုံးက ငှားထားပြီးသားဖြစ်နေပြီတဲ့။ မသုံးတဲ့ အခန်းလွတ်တွေရှိနေပေမဲ့ သူတို့က ပေးမဝင်ကြဘူး"
ယဲ့ဖူအန်းက ယဲ့လီကျူးကိုလှမ်းကြည့်လိုက်သည်။ ယဲ့လီကျူး၏ မျက်လုံးများက ငိုထားသောကြောင့် မက်မွန်သီးနှယ် မို့နေကာ သူမအသားအရေက ဖြူဖျော့ကာ အားနည်းနေသည်။ ဒီလိုချစ်စရာသမီးလေးကို သေချာထားရမှာပေါ့။

ယဲ့ဖူအန်းကမေးလိုက်သည်။
"တည်းခိုဆောင်ကို ဘယ်သူငှားထားတာလဲ"

သူက မင်းနှစ်ဆက်တွင် အမတ်ချုပ်တာဝန်ထမ်းဆောင်ခဲ့သော ဘုရင့်မျက်နှာသာပေးခံရသူဖြစ်သည်။ အိမ်ရှေ့မင်းသားမှလွဲ၍ ကျန်လူအားလုံး သူ့ကိုလိုချင်ကြသည်။ သူ့ကို တားရဲသည့်သူက ဘယ်အိမ်တော်ကလဲ ယဲ့ဖူအန်းသိချင်သည်။

အစေခံလေးက တီးတိုးပြော၏။
"မင်းသားချင်(ချင်နယ်စား)ပါ"
ယဲ့ဖူအန်းက ဒေါသထွက်သွားသည်။ "မင်းသားချင်ရဲ့ လူတွေက ငါ့ကိုတားရဲတယ်လား"

အစေခံလေးက ဆက်ပြောသည်။
"မင်းသားချင်ရဲ့လူတွေ မဟုတ်ပါဘူး။ မင်းသားချင်ကိုယ်တိုင်ပါ။ ပိုင်ရှင်ပြောတာတော့ မင်းသားချင်က ဒီမှာနေတာမို့တဲ့။ သခင်ကြီး...မင်းသားချင်က မြို့တော်ကို ဘာလာလုပ်တာလဲမသိဘူး"

ယဲ့ဖူအန်းလည်း ခဏတော့ကြောင်သွားသည်။ မင်းသားချင်က မြို့တော်ကိုဘာလာလုပ်တာလဲ? သတင်းကရော ဘယ်တုန်းကရောက်တာလဲ။ အကုန်လုံးက အရှင်မင်းကြီး ခြေဖဝါးအောက်မှာရှိတာကို ဒီအကြောင်းကို ဘာလို့ဘယ်သူကမှ အသိမပေးတာလဲ။ အတုမို့လို့များလား။
ယဲ့ဖူအန်းက အထိန်းတစ်ယောက်ကို သူ့သမီးကို ဂရုစိုက်ဖို့ တဖွဖွမှာရင်း သူက တည်းခိုခန်းထဲကို ဝင်သွားတော့သည်။
တံခါးကို နှစ်ချက်ခေါက်လိုက်လေရဲ့။
တိရှောင်းက လက်ထဲတွင် ကိုင်ထားသော စုတ်တံကို ချကာဖြေလိုက်သည်။
"ဝင်ခဲ့ပါ"

အရပ်ရှည်ရှည် စစ်အင်္ကျီဖြင့် သက်လတ်ပိုင်း လူတစ်ယောက်က တံခါးကိုဖွင့်လာသည်။
"အရှင်မင်းသား အမတ်ချုပ်ယဲ့က သူ့သမီးကို မြို့တော်ပြန်ခေါ်လာလို့ ဒီမှာတစ်ညတည်းချင်ကြောင်း ပြောနေလို့ပါ။ မင်းသားဆင်းလာမှာပါလား"

မီးဝါမှိန်မှိန်အောက်တွင် မည်းနက်ကာ လျော့တိလျော့ရဲ ကျနေသောဆံပင်၊ ဇာမဏီမျက်လုံးနှင့် အေးစက်စက်သဏ္ဌာန်ရှိသော လူတစ်ယောက်ကို ဘယ်သူကမှ မော်ဖူးရဲမယ် မထင်။

တစ်နာရီလောက်ကြာမှ တိရှောင်းက လှေကားမှ ဆင်းလာသည်။ ယဲ့ဖူအန်းတစ်ယောက် အကြာကြီး စောင့်လိုက်ရသည်။ ဒါက သူတို့နှစ်ယောက်၏ ပထမဆုံးတွေ့ဆုံမှုဖြစ်သည်။ အစကတော့ မင်းသားချင်ဆိုတာ လူတစ်ယောက်ကို လျှပ်တပြတ်အတွင်း သတ်နိုင်သည့် ခပ်ကြမ်းကြမ်းလူတစ်ယောက်ဟု ထင်ထားခဲ့သည်။ အခုတော့ မင်းသားချင်က ရှည်လျားကာ ချောမောနေသည်။ ဒီလိုရာထူးမျိုးမှာတောင် မြို့တော်က တော်ဝင်သွေးများ မယှဉ်နိုင်သော အရှိန်အဝါမျိုးရှိနေသည်။
ယဲ့ဖူအန်းက ဦးညွှတ်လိုက်၏။

"အရှင်မင်းသား။ မင်းသားချင်"

တိရှောင်းက မပွင့်တပွင့်ပြုံးကာ ပြောလိုက်၏။
"အမတ်ချုပ်ယဲ့....ခင်ဗျားနာမည်ကို ကျွန်တော်ကြားဖူးနေတာကြာပါပြီ"
အမှန်အတိုင်းဆိုလျှင် တိရှောင်းကို ယဲ့ဖူအန်းအထင်မကြီးပေ။ လက်ရှိ မိဘုရားခေါင်ကြီးက တိရှောင်း၏ အစ်မရင်းဖြစ်ကာ အိမ်ရှေ့မင်းသားက တိရှောင်း၏ တူအရင်းဖြစ်သည်။ အိမ်ရှေ့မင်းသားက တော်ဝင်သွေးဖြင့် တရားဝင် မွေးဖွားခဲ့သော်လည်း ယဲ့ဖူအန်းနှင့်တခြားအမတ်များက အိမ်ရှေ့စံကို မျက်နှာသာမပေးကြပေ။

သေချာပေါက် ယဲ့ဖူအန်းက တခြားလူများကဲ့သို့ ဘက်မလိုက်တတ်သော်ငြား.....
ယဲ့ဖူအန်းက ဆိုလိုက်သည်။ "ကျွန်တော်မျိုးက အပြင်မှာသွားနေရတာ ကြာပြီဖြစ်တဲ့ ကျွန်တော့်ရဲ့သမီးလေးကို သွားခေါ်လာတာပါ။ နောက်ကျနေပြီဆိုတော့ ကျွန်တော်မျိုးတို့ ဒီမှာ ညအိပ်မှရပါမယ်။ အရှင်မင်းသားက တည်းခိုဆောင်တစ်ခုလုံးကို ယူထားတယ်ပြောပါတယ်"

တိရှောင်းက သူ့ဇာမဏီမျက်ဝန်းများကို မှေးကျဉ်းလိုက်သည်။
ယဲ့ဖူအန်းမှာ သမီးတကယ်ရှိတာပဲ။
ဒီလိူသာဆို အိမ်ရှေ့မင်းသားလက်ထပ်ရတော့မှာပဲ။ တိရှောင်းကတော့ သူ၏ ထက်မြက်နာခံတတ်သော တူဖြစ်သူကို မျက်နှာသာပေးသည်။ အကယ်၍ ယဲ့၏ သမီးသာ အကျင့်ကောင်းပြီး ရုပ်ရည်တင့်တယ်ကာ အသက်လည်း သိပ်မကွာပါက လက်ထပ်ဖို့ဖြစ်နိုင်သည်။

ဖဝါးထက်က ပုလဲသွယ် [MM translation]Where stories live. Discover now