Unicode
တင်ပြချက်ပြီးဆုံးတဲ့နောက်မှာတော့ လက်ခုပ်သံတွေဆူညံသွားရင်း မက်သရူးရဲ့မျက်နှာက ရှေ့ကအားပေးသံတွေကြောင့် ရှက်ရှဲရှဲလေးကျန်နေခဲ့တယ်။ အချိန်ကွက်တိကျစွာနဲ့ပဲ ဂျီအွန်းဟျောင်းဆီကလည်း စာဝင်လာတယ်။ ' ခဏနေတွေ့မယ် ' ဆိုတဲ့စာတစ်ကြောင်းဟာ တင်ပြချက်အောင်မြင်စွာပြီးစီးတာထက်ကို ပိုပျော်ဖို့ကောင်းနေပါ၏။
.
" ထယ်ရယ် ဘယ်ရောက်သွားပြန်တာလဲ "
အခန်းရှေ့အတူထွက်ခဲ့ကြပေမယ့် ရစ်ခီဟာ အနောက်မှအသည်းအသန်ပါလာရင်း လူတွေကြားထဲရှာဖွေနေရင်းမေးသည်။ ဒီတစ်ခေါက်မှာလည်း ထယ်ရယ်က ရစ်ခီ့ကိုနှုတ်မဆက်သွားဘူးဆိုတာသေချာနေတယ်။
" ဘလိုင်းဒိတ်သွားတွေ့တယ်၊ ဒါလည်းမင်း,မသိပြန်ဘူးလား "
" ဘာ! ကင်မ်ထယ်ရယ်က ဒိတ်သွားလုပ်တယ်? ဘယ်နေရာမှာလဲ .. ဘယ်သူနဲ့လဲ "
" ရစ်ခီ .. စိတ်အေးအေးထား .. မင်းတို့ကြားဘာပြဿနာဖြစ်ထားကြတာလဲ "
မက်သရူးက စိတ်အေးလက်အေးဖြစ်စေလောက်မည့်လေသံနှင့်သာ ပြောရင်း လူသွားလူလာရှင်းမယ့် နေရာမှာရပ်လိုက်တယ်။ ဘာတစ်ခွန်းမှပြောမလာခင် ရစ်ခီဟာ သူ၏ ငွေဖြူရောင်ရှိတဲ့ဆံပင်တွေအား စိတ်ရှုပ်နေဟန်ဖြင့်ဆွဲသပ်တင်သွား၏။
" ငါတို့နမ်းခဲ့ကြတယ် အဲ့ဒီညက တွေ့ဆုံပွဲ "
အံ့သြလောက်စွာဖြင့်ထွက်သွားသည့် စကားလုံးတွေကြောင့် မက်သရူးဟာ သူ့နှုတ်ခမ်းတွေကိုလက်ဖြင့်အလျင်အမြန်အုပ်လိုက်မိတယ်။ မက်သရူးရဲ့အကြည့်တွေကိုနားလည်သည့်ဟန် ရစ်ခီကကြည့်နေခဲ့ပြီးနောက်..
" ငါတို့နှစ်ယောက်လုံးမူးနေခဲ့တာ .. အိုကေ၊ အဲ့အထိက ပြဿနာမရှိခဲ့ပေမယ့် မေ့ပစ်ဖို့အချင်းချင်းသဘောတူပြီးထဲက ထယ်ရယ်ကငါ့ကိုတစ်ချိန်လုံးရှောင်နေတယ် .. ငါဘာအမှားလုပ်မိခဲ့လို့လဲ? "
ဖြေရှင်းရခက်နေသည့် မျက်နှာနှင့် အကူအညီတောင်းခံယူဖို့အဆင်သင့်လိုတောင်ဖြစ်နေတဲ့ ရစ်ခီရှန်ကို သူကိုယ်တိုင်လည်းမကူညီနိုင်ပါချေ။ ဒီကိစ္စက ထင်သလောက်ရိုးရှင်းမနေဘူး။ အထူးသဖြင့် ဆယ်နှစ်ကျော်ခင်လာခဲ့တဲ့သူငယ်ချင်းနှစ်ယောက်ကြားမှာပေါ့။ မက်သရူးဟာ ဘာတစ်ခုမှဝင်မကူညီနိုင်သည့်တိုင်အောင် ရစ်ခီအတွက်အကျိုးရှိစေမယ့် အကြောင်းအရာကိုတော့ဖျက်ခနဲမှတ်မိသွား၏။