Unicode
" ဖြေးဖြေးကြည့်ပါ မျက်လုံးကြီးလည်းပြေးကပ်တော့မယ် "
သောက်နေတဲ့အအေးက ဘေးက ဟာအို့အသံကြောင့် လည်ချောင်းထဲချောချောချူချူတောင်မရောက်သွားဘူး။ ရှေ့ခပ်လှမ်းလှမ်းဆီကြည့်နေမိတဲ့မြင်ကွင်းကိုလွှဲရင်း ဘေးက ခပ်ပြုံးပြုံးလုပ်နေတဲ့ ကျန်းဟာအို ကို ကြည့်ရတယ်။
" မင်း သဝန်မတိုတော့ဘူးလား? "
" ငါတို့ဟန်ဘင်းက အလုပ်လုပ်နေတာ .. နားလည်ပေးရမှာပေါ့။ တစ်စုံတစ်ယောက်လိုမျိုး လိုက်ကြည့်ပြီး တိုနေတာမျိုး မလုပ်တတ်ဘူး "
မနေ့တစ်နေ့ကမှ ရန်ဖြစ်ပြီးလို့ပြန်တွဲတာ သူ,မဟုတ်တဲ့အတိုင်း။ ဂျီအွန်း ဘာတစ်ခွန်းမှထပ်မပြောတော့ဘူး .. ကျန်းဟာအို နဲ့ စကားနိုင်လုနေရင် မျက်စိရှေ့ကမြင်ကွင်းတွေပဲလွတ်ကုန်သွားလိမ့်မယ်။
" မင်း မှန်မှန်ပြော။ အဲ့ကောင်လေးကိုသဘောကျနေတာမဟုတ်လား "
" ဟာအို ကျေးဇူးပြုပြီး ဒီနားမှာလာမရှုပ်ဘဲ အခန်းထဲသွားအိပ်နေပါလား "
ဂျီအွန်းရဲ့ခပ်ဆတ်ဆတ်မောင်းထုတ်သံကြားမှာ ဟာအိုတစ်ယောက် အူမြူးနေလေရဲ့။ ဝေးဝေးလည်းမသွားဘဲ သူ၏အပြုအမှုတစ်ခုချင်းအားလိုက်လံကြည့်လို့ တခွီခွီထိုင်ရယ်ရင်းနေတော့တာ။ ဆောင်းဟန်ဘင်း ဒီလိုလူရဲ့ ဘယ်နေရာကိုများ သဘောကျသွားရတာလဲ?
မျက်မှောင်ကြုတ်တွေးတောနေတုန်းမှာပဲ ခပ်လှမ်းလှမ်းက အဖြစ်အပျက်ကြောင့် ကင်မ်ဂျီအွန်း ဝုန်းခနဲနေရာကနေထပြေးတယ်။ ဟာအိုကိုယ်တိုင်လည်း လန့်သွားပြီးမှ အဝေးက မက်သရူး လဲကျသွားသည့် အခြေအနေကိုမြင်တဲ့အခါမှ ထပြေးလိုက်သည်။
" ရရဲ့လား? "
လေအလျင်လိုရောက်လာတဲ့ ဂျီအွန်းကဆောင်းဟန်ဘင်းကိုယ်ကိုတွန်းထုတ်ရင်း မက်သရူးကို ဝင်ဆွဲထူထားတယ်။ ကျောက်ဆောင်နဲ့ ခိုက်မိတဲ့ခြေချင်းဝတ်ကအတော်ပြင်းသည်ထင် ချက်ချင်းပင်ယောင်တတ်လာတဲ့အထိ။ နာကျင်မှုကြောင့် မက်သရူးမျက်နှာခပ်ရှုံ့ရှုံ့ဖြစ်နေပြီး အနားမှာရှိနေတဲ့ ဂျီအွန်းကိုတောင် တွန်းဖယ်ဖို့မေ့စွာနဲ့ လက်မောင်းတွေကိုသာတင်းတင်းပြန်ဆွဲလို့ထားတယ်။
