Unicode
.အတန်းချိန်ဆင်းပြီးတာနဲ့ အခန်းပေါက်ကနေစုပြုံထွက်လာကြတဲ့အတန်းသားတွေ။ မက်သရူးနဲ့ ထယ်ရယ်က နေ့လည်စာမီနူးကိုလမ်းလျှောက်ရင်းဆွေးနွေးနေပြီး အနောက်မှအသာပါလာတဲ့ရစ်ခီကတော့ ထယ်ရယ့်မျက်နှာကို အကဲခတ်သလိုကြည့်ကြည့်နေတယ်။ ကြည့်နေရင်းနဲ့ ရစ်ခီက အခန်းပေါက်နားက နံရံမှာရပ်နေတဲ့ တစ်စုံတစ်ယောက်ကို အရင်မြင်သွားတယ်။
" ဟင်။ စီနီယာ ဂျီအွန်း "
နာမည်လေးကြားရုံနဲ့တင် မက်သရူးက စကားပြောနေရင်းကနေ ရပ်တန့်သွားပါ၏။ ထယ်ရယ် နဲ့အတူ ရစ်ခီလှမ်းပြောရာဘက် အကြည့်တွေပို့လိုက်မိတယ်။ ကင်မ်ဂျီအွန်းက သူတို့ရှိရာကိုတစ်လှမ်းချင်းလျှောက်လာခဲ့ပါတယ်။ မက်သရူးဆီဆက်တိုက်အကြည့်တွေပို့နေခဲ့ပြီးမှ ရင်းနှီးဖော်ရွေတဲ့အပြုအမှုနဲ့ပဲ ရစ်ခီ နဲ့ ထယ်ရယ်တို့ကိုနှုတ်ဆက်တယ်။
" မက်ချူး အချိန်ရမလား "
မျက်စိရှေ့မှာရှိနေသည့်ကင်မ်ဂျီအွန်းအား သူ ရင်မဆိုင်ချင်သေးပါ။ တစ်ပတ်လောက်အဆက်အသွယ်မရှိခဲ့သည်တိုင်အောင် ဒီလိုမျိုး ရုတ်တရက်ပေါ်လာပြီး သူ့ကိုအချိန်ရှိလားလို့လာမေးနေတယ်။ ဟုတ်တယ်။ ကင်မ်ဂျီအွန်းကို သူစိတ်ဆိုးနေတာ။ စိတ်ဆိုးလွန်းလို့ ဘာစကားမှမပြောချင်ခဲ့ဘူးထင်ခဲ့ပေမယ့် လွမ်းနေခဲ့မိတဲ့စိတ်ကတော့ မုန်းစရာကောင်းလောက်အောင် ရှိနေတုန်းပဲ။
" ကျွန်တော်တို့ နေ့လည်စာသွားစားမလို့။ အချိန်မရလောက်ဘူး "
မက်သရူးမျက်နှာမှာ ချစ်ချင်စဖွယ်ကောင်းလွန်းတဲ့အပြုံးတွေဘာတစ်ခုမှရှိမနေဘူး။ ကင်မ်ဂျီအွန်းက ချက်ချင်းအငြင်းခံလိုက်ရမှာမို့ ထင်မထားခဲ့သလိုမျိုး ခတ္တမျှတိတ်သွားတယ်။ ထယ်ရယ်နဲ့ ရစ်ခီကတော့ ဒီနေရခက်တဲ့အခြေအနေကြားထဲမှာ အကဲခတ်ရင်းတိတ်ဆိတ်လို့။
" ကောင်းပြီလေ။ နေ့လည်စာအတူစားတာပေါ့ "
မက်သရူးက မယုံနိုင်သလိုကြည့်လိုက်ပေမယ့် အတည်ကြီးပြောနေပုံပေါက်တဲ့ ဂျီအွန်းက သူ့ကိုလေးနက်နေတဲ့မျက်ဝန်းတွေနဲ့ပဲ ခပ်သာသာပြုံးပြလာတယ်။ ဂျီအွန်းဟျောင်းရဲ့စိတ်ကနားလည်ရခက်ပြီး ဖမ်းဆုတ်ဖို့လည်းမလွယ်တာမို့ တစ်ခါတစ်လေ သူကိုယ်တိုင်ဆက်မဖက်တွယ်ချင်တော့ဘူး။ ဒီရှုပ်ထွေးစရာကောင်းလွန်းတဲ့ဆက်ဆံရေးက သူ့ဘဝထဲကိုဝင်ရောက်လှည့်ပတ်နေတုန်းပဲ။
