Unicode
.တစ်အိမ်လုံးတိတ်ဆိတ်နေတာမို့ မက်သရူးက အတတ်နိုင်ဆုံး သူ့ခြေသံကိုဖော့ပြီး အသံတိတ်တိတ်နဲ့ အိမ်ထဲကနေခိုးထွက်လာရတယ်။ သူ ဒီလိုတွေလုပ်နေရတဲ့အကြောင်းအရင်းက မနက်တစ်နာရီကြီး ဖုန်းထဆက်လာတဲ့ ဂျီအွန်းဟျောင်းကြောင့်ပဲလေ။
' တွေ့ချင်တယ်။ အခုအိမ်ရှေ့မှာ '
အအေးမိချင်နေသည့်လေသံနှင့် တိုးဖွစွာပြောလာတာမို့ အိပ်ချင်တောင်ပြေသွားခဲ့ရပြီး သူ့မှာနှစ်ခါမစဥ်းစားဘဲထလာခဲ့မိတာ။ အိမ်ရှေ့ရောက်တော့ ရပ်ထားတဲ့ကားက အဆင်သင့်ရှိနေတယ်။ ဘေးတံခါးကိုဆွဲဖွင့်ပြီး တက်လိုက်တာနဲ့ သူ့ခန္ဓာကိုယ်ကို တိုးဝှေ့ဖက်လာတော့တာ။
" ဟျောင်း သောက်လာတာလား "
" နည်းနည်းပါ "
ဂျီအွန်းက နမ်းဖို့ကြိုးစားလိုက်တယ်။ ဒါပေမယ့် မက်သရူးက စရုံရှိသေးပေမယ့်ရုန်းထွက်သွားတယ်။ သူ ဂျီအွန်းဟျောင်းဆီက ရနေကျ စီးကရက်အနံ့သင်းသင်းအစား တခြားစူးရှတဲ့ရေမွေးအနံ့ကိုရလိုက်လို့။ သူထင်ထာမမှားရင် ဒီရင်ခွင်ထဲကို တခြားတစ်စုံတစ်ယောက်ကဝင်ခဲ့ပြီးသားပဲ။
အနောက်ကိုဖယ်ခွာသွားတဲ့ မက်သရူးကို ဂျီအွန်းက အဆုံးထိမလွှတ်ပေးလိုက်ဘူး။ သူ့လက်တွေက မက်သရူးရဲ့လက်နှစ်ဖက်လုံးကိုဆွဲယူထားရင်းမေးလိုက်တယ်။
" ဘာလို့လဲ။ သောက်ထားလို့လား "
" ဘယ်သူနဲ့ရှိနေခဲ့တာလဲ "
ပြန်ဖြေမယ့်အဖြေက ' ဒီအတိုင်းသူငယ်ချင်း ' ဆိုတဲ့စကားမှန်းသိနေတာတောင် သူမေးလိုက်တယ်။ ကင်မ်ဂျီအွန်းက မက်သရူးရဲ့စူးစိုက်ကြည့်နေတဲ့မျက်ဝန်းတွေကို အတန်ကြာကြည့်ရင်းမှခပ်ပြုံးပြုံးနဲ့ပြောလာခဲ့တယ်။
" အဲ့တာက အရေးကြီးလို့လား "
မက်သရူးရဲ့မျက်နှာမှာ တင်းမာမှုတွေဖြတ်ပြေးသွားတယ်။ သူက ကင်မ်ဂျီအွန်းရဲ့လက်တွေကိုတောင်ဆွဲဖယ်ချလိုက်တယ်။ ဒါပေမယ့် ဂျီအွန်းဟျောင်းက သူ့ကိုလွယ်လွယ်နဲ့လွှတ်မပေးဘူး။