ကောင်းချီး (သို့) ကျိန်စာ
ချန်ဂီက ဖုန်းစခရင်အား အထူးသတိထားကာ ကြည့်ရှုလိုက်သည်။ လက်တံတိုသည် ရလဒ်တစ်ခုသို့ မညွန်ပြမှီအထိ ဘီးသည် ဖြည်းညင်းစွာ လည်ပတ်နေလေသည်။ "လပ်ကီးဘီးလှည့်လည်ခြင်း အောင်မြင်စွာ ပြီးဆုံးသွားပါပြီ။ ရှားပါးသော ပစ္စည်းကို အနိုင်ရရှိသည့်အတွက် ဂုဏ်ယူပါသည်။ ပစ္စည်းမှာ - ကျိန်စာသင့် အချစ်ပေဖူးလွှာ (အနိုင်ရရှိနိုင်မှု အခွင့်အလမ်း - 3/1000!)" "သူမ မျက်လုံးများကား ပွင့်နေလိမ့်မည်။ ပါးပြင်နှစ်ဖက်သည် ပြာမှုန့်ကဲ့သို့ ဖြူဖွေးနေလိမ့်မည်။ သူမအကြောင်းမှာ ကျောင်းတွင် မပြောဆိုရမည့် တားမြစ်ချက်တစ်စုံတစ်ရာ ဖြစ်လာလိမ့်မည်။ အနီရောင် အကဖိနပ်တစ်ရံနှင့် သွေးစွန်းနေသော ယူနီဖောင်းများနှင့်အတူ သူမ၏ အမည်နာမသည် အထိတ်တလန့်ဖြင့် တီးတိုးရေရွတ် ပြောဆိုရမည့် တစ်စုံတစ်ခု ဖြစ်လာလိမ့်မည်။ ထိုနေ့မရောက်ခင်အထိ သူမ မရှိသကဲ့သို့ လူအများက ဟန်ဆောင်နေကြပေလိမ့်မည်။ ထိုနေ့ရောက်သည့်အခါ တစ်စုံတစ်ဦးသည် သူမထံမှ အချစ်သဝဏ်လွှာများကို ထပ်မံ ရရှိပေလိမ့်မည်" "ပထမအကြိမ် လပ်ကီးဘီးလှည့်ခြင်းမှ ရန်လိုသော တစ္ဆေကြီးကို ရရှိလိုက်သည်။ တစ္ဆေကြီး၏ မျက်နှာသာပေးမှု ဆိုသော ရှားပါး ခေါင်းစဉ်တစ်ခု ပွင့်ဟသွားပေပြီ။" "တစ္ဆေကြီး၏ မျက်နှာသာပေးမှု : ယခု ခေါင်းစဉ်နှင့် ဆော့ကစားသည့်အခါ တစ္ဆေကြီးထံမှ အကူအညီရနိုင်မည့် အခွင့်အလမ်း ရှိပါသည်"ဖုန်းစခရင်ပေါ်မှ ဖော်ပြချက်များကို ကြည့်ရင်း ချန်ဂီခေါင်း ချာချာလည်သွားမိသည်။ အချစ်သဝဏ်လွှာ (ရည်းစားစာ) ဆိုပါလား။ အနိုင်ရမယ့် အခွင့်အလမ်းကလည်း အပုံ ၁၀ဝ၀ ပုံမှ ၃ ပုံတဲ့။ တစ္ဆေကြီးရဲ့ မျက်နှာသာပေးမှုတဲ့။ မှန်ထဲက အကောင်ကိစ္စတောင် မရှင်းရသေးဘူး။ နောက်ထပ် တစ်ကောင်က ထပ်ပေါ်လာတော့မယ့်ပုံပဲ။ ဒီအတိုင်းဆို ငါကိုယ့်ငါတောင် ကံကောင်းတာလား၊ ကံဆိုးတာလား မသိတော့ဘူးချန်ဂီသည် လပ်ကီးလှည့်ဘီးကို မလှည့်လိုက်သင့်ဟု ကိုယ့်ကိုကိုယ် နောင်တရစွာ ကျိန်ဆဲနေလိုက်သည်။ ချန်ဂီ စိတ်ထိန်းစမ်း။ ဒါက အဆိုးဆုံး မဟုတ်သေးဘူး။ ရန်လိုဒေါသကြီးတဲ့ တစ္ဆေကြီးကို နှိုက်မိတာက အဲ့ဒီသူတောင်းစားက အခုချက်ချင်း ပေါ်လာမယ်လို့ ပြောတာ မဟုတ်ဘူး။ အဲ့ဒီကောင်ကို အပြတ်ရှင်းဖို့ အချိန်ရှိနိုင်သေးတယ်။ သူ့အိတ်တွင်းမှ ဖုန်းကို ထုတ်လိုက်သည်။ ထိုအခါ သူ့အိတ်ကပ်တွင်းမှ တစ်စုံတစ်ခုကို လက်ဖြင့် မတော်တဆ စမ်းမိလိုက်လေသည်။ သူ့ဘောင်းဘီအိတ်တွင်းမှ ထိုတစ်စုံတစ်ခုကို နှိုက်ကြည့်လိုက်ရာ စက္ကူစဖြစ်နေသည်ကို တွေ့လိုက်ရသည်။ ထို့နောက် စက္ကူစပေါ်တွင် ရေးသားထားသည့် စာတန်းနီကြီးကို မြင်တွေ့လိုက်ရချိန်တွင်တော့ ချန်ဂီတစ်ယောက် အလွန် ထိတ်လန့်သွားမိလေတော့သည်။ ထိုစက္ကူပေါ်ရှိ စာတန်းမှာ တစ်ကြောင်းတည်း ဖြစ်သည်။ ယင်းတစ်ကြောင်းတည်းသော စာတန်းမှာ "ငါ မင်းကို သတ်မယ်" ဟူသတည်း။ချီးထဲမှပဲ။ ငါ့ကို ဘာများ သဘောကျနေရသလဲကွာ။ ထိုစက္ကူစပေါ်ရှိ လက်ရေးမှာ အင်မတန် လှပသော လက်ရေးမျိုး ဖြစ်သည်။ တစ်ခုတည်းသော ကြောက်စရာကောင်းသည့်အချက်ကတော့ သူ့အား သတ်မည် ဆိုသည့် စာသားသာလျှင် ဖြစ်ပေလိမ့်မည်။ ချန်ဂီသည် အနောက်အိမ်တော်တွင် စာကို ကိုင်ရင်း မတ်တပ်ရပ်နေမိသည်။ သူက တစ်ကိုယ်တည်း တီးတိုးရေရွတ်ရင်း ..."ငါ့ဘဝမှာ ပထမဆုံးရဖူးတဲ့ ရည်းစားစာက ဒီလိုမျိုး စာသားနဲ့ ဖြစ်လိမ့်မယ်လို့ ဘယ်သူ ထင်မလဲကွာ" "ဆရာ၊ တစ်ယောက်တည်း ဒီမှာလာပြီး ငြီးနေတာလား"ရှောင်ဝမ်တစ်ယောက် ပင်မအိမ်တော်ကြီးရှိ အရုပ်များအားလုံး နေသားတကျ ပြန်ထားပြီးသည်နှင့် သူရှိရာ အခန်းတွင်းသို့ ဝင်လာရင်း ယခုကဲ့သို့ ပြောလိုက်သည်။ "ဘာမှမဟုတ်ပါဘူး။ တွေးနေတာပါ။ အကယ်၍များ တစ်ယောက်ယောက်က သူမကြာခင် သေတော့မယ်ဆိုတာ သိခဲ့မယ်ဆိုရင် ပိုင်ဆိုင်လိုစိတ် လောဘတွေကို လျှော့ပြီး ဒီကမ္ဘာကြီးအတွက် ကောင်းမှုကုသိုလ်များများ လုပ်ပေးတာက ပိုကောင်းမယ်လို့လေ"ချန်ဂီက ခေါင်းကိုမော့ရင်း ရှောင်ဝမ်အား လူသေတစ်ယောက်ပမာ ကြည့်လိုက်သည်။"ဥပမာအားဖြင့် လူသားမျိုးနွယ်စုအတွက် မျိုးဆက်ချန်ရစ်ဖို့ သူ အကောင်းဆုံး ကြိုးစားသလိုပေါ့"ချန်ဂီတစ်ယောက် စိတ် မငြိမ်အသက်ဖြစ်ရင်း ပြောမိပြောရာ ပြောလိုက်ခြင်း ဖြစ်သည်။ သို့သော် ရှောင်ဝမ်ကား သူ့စကားကို အလေးအနက် တွေးတာရင်း စဉ်းစားကြည့်လိုက်သည်။ ထို့နောက် သူမမျက်နှာတစ်ခုလုံး ရှက်သွေးဖြာသွားလေသည်။ချန်ဂီက ရှောင်ဝမ်မျက်နှာအမူအရာနှင့် သူ့စကားအသွားအလာကို စဉ်းစားမိပြီး..."ရှောင်ဝမ်.. နင်လည်း စိတ်ပါတယ်လို့ မပြောလိုက်နဲ့။ ကျေးဇူးပဲ။ ဒါပေမဲ့ ငါတော့ အဆင်သင့် မဖြစ်သေးဘူး။ ပြီးတော့ ဟိုးအရင်ကတည်းက ငါတို့က မောင်နှမတွေလို၊ အသင်းအဖွဲ့လို အလုပ်အတူတူ လုပ်လာခဲ့ကြတာ။ နင် အတင်းအကျပ် ပြောမယ်ဆိုရင်တောင် မလုပ်ဘူးလို့ ပြောမိမှာပဲ"ချန်ဂီတစ်ယောက် စိတ်အလွန်အမင်း လှုပ်ရှားနေမှန်း သူ၏ ပြောစကားများကို နားထောင်ကြည့်ရုံဖြင့် သိသာနိုင်လေသည်။ "မဟုတ်ဘူး။ ဆရာ။ ကျွန်မပြောချင်တာ အဲ့ဒါ မဟုတ်ဘူး။ ဆရာ့အနောက်မှာ အရိပ် နှစ်ခု ပေါ်နေအောင် ဆရာ ဘယ်လို လုပ်ထားတာလဲလို့"ရှောင်ဝမ်သည် ချန်ဂီအနောက်အား လက်ညိုးထိုးပြလိုက်ရင်း..."ဆရာ အသစ်ထွင်ထားတဲ့ဟာလား။ အဲ့ဒါက..." "အရိပ်နှစ်ခု ဟုတ်လား"ချန်ဂီသည် အလန့်တကြား နောက်သို့ လှည့်ကြည့်လိုက်ရာ သူ့ကိုယ်မှ အရိပ်နှစ်ခု ထွက်နေသည်ကို မြင်တွေ့လိုက်ရသည်။ အရိပ်ကြီးတစ်ခုနှင့် အရိပ်သေးတစ်ခု ဖြစ်သည်။ အရိပ်တစ်ခုနှင့်တစ်ခုမှာ တစ်ခုက တစ်ခုကို ဝါးမြိုနေသလို တစ်ထပ်တည်း ကျတော့မည့်ဟန် ပေါက်နေသည်။"ငါ....မ"သူက ရှောင်ဝမ်အား သရဲစံအိမ်ကြီးအတွင်းမှ အပြင်သို့ အလျင်အမြန် လိုက်ပို့လိုက်သည်။ချန်ဂီတစ်ယောက် မိမိ ဘာမှမဖြစ်သေးကြောင်း သေချာတော့မှ စိတ်သက်သာရာ ရသွားသည်။ သူက ရှောင်ဝမ်အား လိုက်ပို့စဉ် မည်သည့် ဖြေရှင်းချက်မှ မပေးခဲ့ချေ။ ထို့နောက် လှေကားပေါ်တွင် သူ ထိုင်ချလိုက်သည်။ "ဆရာ။ ဆရာ့ကြည့်ရတာ အရမ်းကို စိတ်ပျက်နေသလိုပဲ။ ငွေကြေးပြဿနာတွေကြောင့်လား"ရှောင်ဝမ်သည် သူ့နံဘေးတွင် ဝင်ထိုင်ရင်း မေးမြန်းလိုက်သည်။ "အားလုံး အဆင်ပြေသွားမှာပါ။ စိတ်မပူပါနဲ့။ ဒါနဲ့ဆရာ နေ့လည်စာ ဘာစားချင်သလဲ။ ဆရာ့အတွက် တစ်ခုခု ဝယ်ပေးမယ်လေ"ရှောင်ဝမ်၏ နှစ်သိမ့်စကားများကို ကြားလိုက်ရပြီးနောက် ချန်ဂီလည်း မည်သည့် အဖြေကို ပြန်လည်ပေးရမှန်း မသိတော့ပေ။ သူက ကြိုးစားပြုံးပြလိုက်ရင်း..."ငါလည်း နင်ထင်သလို ထင်ပါတယ်။ ဒါပေမဲ့ အပြင်မထွက်ခင် မိတ်ကပ်တွေ ဖျက်ဖို့ မမေ့နဲ့ဦး။ ကန်တင်းက အလုပ်သမားတွေ လန့်သွားဦးမယ်" "နားလည်ပါပြီရှင့်"ရှောင်ဝမ် ထွက်သွားသည်နှင့် ချန်ဂီသည် ရည်းစားစာကို နောက်တစ်ကြိမ် ထုတ်ကြည့်လိုက်သည်။ အရိပ်နှစ်ခု ပေါင်းသွားတာကို ငါ့မျက်စိနဲ့ တပ်အပ်မြင်လိုက်ရတာပဲ။ ဒါ တစ္ဆေကြီးက ငါ့နောက်ကို လိုက်နေပြီလို့ ဆိုလိုတာလား။ အဲ့ဒီကောင်က ငါ့အရိပ်နောက်မှာ ပုန်းနေတာလား။ချန်ဂီသည် သူ့အရိပ်အား မျက်တောင်မခတ်တမ်း ကြည့်နေလိုက်သည်။တစ္ဆေကြီးရဲ့ မျက်နှာသာပေးမှု ခေါင်းစဉ်အရ တစ္ဆေကြီးဆီက အကူအညီ ငါ ရလာနိုင်တာပဲ။ ဒါဖြင့် ရန်လိုတဲ့ တစ္ဆေကြီး ရတာလည်း ငါထင်သလို သိပ်မဆိုးဘူးလို့ ပြောရမှာပေါ့။အနည်းဆုံးတော့ ချန်ဂီတစ်ယောက် ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်အားပေးလိုက်သည်။ တကယ့်တမ်းတွင်တော့ ရန်လိုသော တစ္ဆေကြီးဟု ခေါ်ဆိုရသည့်အကြောင်းရင်းမှာ ၎င်းတို့သေဆုံးစဉ်က ဒေါသမောဟများဖြင့် သေဆုံးခဲ့သောကြောင့် ဖြစ်မှန်း ချန်ဂီစိတ်ထဲက သိနေသည်။ ၎င်းတို့ကိုယ်တွင် အပြစ်တရားနှင့် ကျိန်စာများ ပြည့်လျှံနေပေလိမ့်မည်။ သူသာ ဂရုမစိုက်ဘဲနေလျှင် တစ်နေရာရာတွင် အဆုံးသတ်သွားမည်ကိုလည်း သေချာ သိနေလေသည်။ နေ့လည်စာစားပြီးနောက် ချန်ဂီသည် သရဲစံအိမ်ကြီးရှေ့တွင် ရပ်ရင်း လက်ကမ်းစာစောင်များ ဝေနေလိုက်သည်။ ပန်းခြံသို့ လာရောက်လည်ပတ်သူ အနည်းငယ် ရှိသော်လည်း မည်သူ တစ်ဦးတစ်ယောက်မျှ စံအိမ်ကြီးတွင်းသို့ မဝင်ရဲကြပေ။ သူလည်း ပျင်းရိလာသည်နှင့် သူ၏ဗီဒီယိုတင်ထားသည့် အက်ပလီကေးရှင်းကို ဖွင့်ကာ ကြည့်လိုက်သည်။ ထိုအခါ သူ့ဗီဒီယိုအောက်တွင် မက်ဆေ့ အနည်းငယ် ဝင်နေသည်ကို မြင်တွေ့လိုက်ရသည်။ လှောင်ပြောင်ထားသည့် မက်ဆေ့များနှင့် ကြော်ငြာများကို ဖျက်ချလိုက်ပြီးနောက် ကျန်ရစ်သေးသော မက်ဆေ့များကို ချန်ဂီကိုယ်တိုင် ပြန်နေလိုက်သည်။ မကြာခင် သူ့ထံသို့ ဟယ်စန်းပို့ထားသော မက်ဆေ့ကို တွေ့လိုက်ရသည်။ ရိုးသားပုံရသော ထိုလူငယ်လေးသည် ချန်ဂီထံသို့ စာပို့လိုက်ခြင်း ဖြစ်သည်။ သူက သူတို့၏ ကျောင်းဆွေးနွေးပွဲမှာ အုတ်အော်သောင်းနင်း ဖြစ်ခဲ့သည်ဟု ဆိုသည်။ သူတို့ သင်ခန်းစာအတွက် ယခု သရဲစံအိမ်ကြီးမှာ အလွန်အားကိုးအားထား ပြုလောက်စရာ လှည့်ကွက်များ ရှိနေသည်ကို တွေ့လိုက်ရသည်။ ထို့ကြောင့် ကျောင်းသားအများစုမှာ သရဲစံအိမ်ကြီးသို့ လာရောက်လည်ပတ်လိုသည်ဟု ဆိုကြသည်။ တစ်ယောက်ယောက်က အဆိုပြုလိုက်သည်နှင့် သူ၏ သရဲစံအိမ်ကြီးတွင်းသို့ လာရောက်လည်ပတ်လိုသူ စေတနာ့ဝန်ထမ်းများ များပြားလာနေပြီဟုလည်း သူက ဆိုသည်။ "လူငယ်ဖြစ်တော့ ကောင်းတာပေါ့"ချန်ဂီက ပြုံးရင်း စာပြန်လိုက်သည်။ သို့သော်လည်း သူ၏ စိတ်တွင်တော့ သူ့သရဲစံအိမ်ကြီးတွင်း၌ တုန်လှုပ်ချောက်ခြားစွာ ပိတ်လှောင်နေကြမည့် ကျောင်းသားအုပ်စုများကိုသာ မြင်ယောင်နေမိတော့သည်။ "စမ်းသပ် မစ်ရှင်ကို အောင်သွားရင်တော့ ကြယ်တစ်ပွင့် ခြောက်ခြားနည်းစနစ်က ဘယ်လောက် ကြောက်စရာကောင်းတယ်ဆိုတာ သိရအောင် ခြောက်ကြည့်ရမယ်"စမ်းသပ်မစ်ရှင်အကြောင်း တွေးမိသည့်အခါ ချန်ဂီတစ်ယောက် ပြန်လည် စိတ်လှုပ်ရှားလာမိသည်။ သူ့အနေဖြင့် ယခု မစ်ရှင်ကို အောင်မြင်ရန် အခွင့်အရေး တစ်ကြိမ်သာ ရှိသည်။ သူရှုံးနိမ့်သွားခဲ့လျှင် ယခု ခြောက်ခြားနည်းကို မည်သည့်အခါမျှ ဖွင့်နိုင်တော့မည် မဟုတ်ချေ။ သူက ဖုန်းနက်ကလေးကို ထုတ်ရင်း မှတ်သားစရာရှိသည့် အချက်အလက်များကို အကုန်အစင် မှတ်သားနေလိုက်တော့သည်။ရန်သူတစ်ယောက်အကြောင်း သိခြင်းက တိုက်ပွဲကို အနိုင်တစ်ဝက် သေချာစေသည်။ ထို့ကြောင့် ယခုမစ်ရှင်ကို ဆော့ကစားတော့မည်ဟု ရွေးချယ်လိုက်ကတည်းက ချန်ဂီလုပ်သည့် တစ်ခုတည်းသောအရာမှာ သူဆော့ကစားမည့် နေရာအကြောင်း ရနိုင်သမျှ သတင်းအချက်အလက် အားလုံးကို အင်တာနက်ပေါ်တွင် ရှာဖွေကြည့်ခြင်းပင် ဖြစ်သည်။ "လျို့ကျင်းမြို့ အနောက်ပိုင်း တောရွာနဘေးမှ ပင်အန်းဌာန ဆိုပါလာ"ထိုနာမည်နှင့် ရိုက်ရှာလိုက်သည့်အခါ အင်တာနက်တွင် မည်သည့်အရာမျှ ပေါ်မလာချေ။ ထို့ကြောင့် အင်တာနက်စာမျက်နှာအချို့ကို ကျော်ကြည့်လိုက်သည့်အခါ အိမ်ပွဲစားများက ကြော်ငြာထားသော အိမ်ဝက်ဆိုဒ်တစ်ခုတွင် ထိုနေရာအကြောင်းကို သွားတွေ့လိုက်ရလေသည်။ပွဲစားတို့မှာ အမှန်ကို ဖုံးကွယ်ကာ ရောင်းချနေသည်ဟု ဝယ်သူတို့က အထွန့်တက်ထားသည်ကို ဖတ်လိုက်ရသည်။ အမှန်တကယ်အားဖြင့် ယင်းဌာနသည် သရဲအိမ်ကြီးတစ်ခု ဖြစ်သည်။ ဆေးအသစ်များ သုတ်ပြီးသော်လည်း နံရံပေါ်တွင် ခြောက်သွေ့နေသော သွေးစင်းကြောင်းရာများကို တွေ့နေရသည်။ ထို့ပြင် ညစဉ်ညတိုင်း ထိုဌာနတွင်းမှ အသေကောင် အပုပ်နံ့များ ရရှိသည်ဟုလည်း ဆိုကြသည်။မည်သူမျှ ထို အထွန့်တက်စကားများကို အဖြေပြန်မပေးကြချေ။ ထိုအခါ ချန်ဂီက ယခုပို့စ် တင်သည့်အချိန်ကို ကြည့်လိုက်ရာ လွန်ခဲ့သည့် ကိုးလက ဖြစ်ကြောင်း တွေ့လိုက်ရသည်။သရဲခြောက်တဲ့အိမ်ကြီးမှာ တစ်ညလုံးနေပြီး ပုန်းနေတဲ့ လူသတ်သမားကို ရှာရမယ်တဲ့။ ဟူး... ငါထင်တာထက်ကို ပိုခက်တာပဲ။ ချန်ဂီသည် အရုပ်တည်ဆောက်ပုံများကို လေ့လာခဲ့ဖူးသည်။ သူသည် စုံစမ်းထောက်လှမ်း စရာ ရှိလာသည်နှင့် မိမိကိုယ်မိမိ ကာကွယ်ရန် ဖြစ်လာချိန်တွင် အပျော်တမ်း အဆင့်သာသာမျှသာ ရှိလေသည်။အခက်ဆုံးက သရဲစံအိမ်ကြီးထဲမှာ မနေရတာဘဲ။ ဘယ့်နှယ့် ဟိုသူတောင်းစားက ငါ့နံဘေးမှာ ပုန်းနေပြီး ညကျမှ ငါ့ကို ခုန်အုပ်ရင် ဘယ့်နှယ့် လုပ်မလဲ။
YOU ARE READING
သရဲအိမ်
Mystery / Thrillerမူရင်းဝတ္ထုစီးရီး - My House of Horror မူရင်းရေးသားသူ - Mou Sheng Ren Zhuan Peng ဝတ္ထုစီးရီး - သရဲအိမ် ဘာသာပြန်ဆိုရေးသားသူ - Sacrificer Main Characters - ချန်ဂီ(Chen Ge)