အန္တရာယ်
စက္ကန့်အနည်းငယ် ကြာပြီးမှ အစ်ကိုဖန်းတယောက် သတိပြန်လည်လာသည်။ သူက လက်ကိုမရင်း အိမ်သာဘက်သို့ လက်ညိုးညွန်ကာ အထစ်ထစ်အငေါ့ငေါ့နှင့် ပြောလိုက်လေ၏။
"မှန် ..."
ဤသရဲအိမ်ကြီးထဲတွင် မှန်ဆိုသော စကားလုံးက သာမန်မဟုတ်ပေ။ ထို့ကြောင့် ချန်ဂီ၏ မျက်နှာအမူအရာ ပြောင်းသွားလေ၏။ အစ်ကိုဖန်းအား အိပ်ယာပေါ် တင်ပေးလိုက်ပြီးနောက် သူက အိမ်သာထဲသို့ လမ်းလျှောက်သွားလိုက်၏။ နံရံထက်မှ မှန်ကြီးမှာ အက်ကွဲနေလေပြီ။ ကြမ်းပြင်ပေါ်တွင်လည်း မှန်ကွဲများ ပြန့်ကျဲနေ၏။
ပထမတခေါက် ဟယ်စန်း ပစ်လဲကျသွားကတည်းက ချန်ဂီက သရဲအိမ်ကြီးအတွင်းမှ မှန်များကို အဝတ်နှင့် ကာထားခဲ့သည်။ ထိုအချိန်မှစ၍ မည်သည့် တိုက်ဆိုင်မှုမျှ မရှိတော့ချေ။ သို့သော် ခြောက်ခြားမှု နည်းအသစ်တခု ဖွင့်လှစ်နိုင်ခဲ့ချိန် သူ့အနေဖြင့် ဖြစ်လာနိုင်သည့် အကျိုးဆက်များကို ကြိုတင်ဆင်ခြင်ထားသင့်သည်။ ထို့ကြောင့် ယခုအဖြစ်အပျက်အတွက် တာဝန်အရှိဆုံးမှာ သူဟု ပြော၍ ရနိုင်သည်။
ဖျော်ဖြေရေးကို အခြေတည်သည့် စီးပွားရေးမှန်သမျှ အသက်အန္တရာယ်ကို ထိခိုက်နိုင်သည့် ကောလဟာလနှင့် ရင်ဆိုင်ရလျှင် လုပ်ရကိုင်ရ ခက်ခဲသွားနိုင်သည်။ ချန်ဂီက ကြောက်စရာကောင်းသည့် ယင်းအချက်ကို သတိထားမိခဲ့သည်။ သူက ကြမ်းပြင်ပေါ်မှ မှန်စတစကို ကောက်ကိုင်ပြီး အတွင်းမှ ရောင်ပြန်ဟပ်နေသည့်အရာကို ကြည့်ရင်း ကိုယ့်ကိုကိုယ် ကတိပေးလိုက်လေသည်။
"ဒီကောင့်ကို မြန်မြန် ဖြေရှင်းမှ ဖြစ်မယ်"
လူသားများနည်းတူ သရဲတစ္ဆေများတွင်လည်း ကောင်းသည့် သရဲနှင့် ဆိုးသည့်သရဲဟူ၍ နှစ်မျိုး ရှိသည်။ မှန်ထဲမှာ သရဲမှာ ကျိန်းသော မကောင်းဆိုးဝါးတကောင် ဖြစ်ရမည်။ ဒါကို သူ အသေအချာ သိသည်။ ပင်ကိုယ်အားဖြင့် ၎င်းသရဲမှာ ရန်လိုတတ်ပြီး ဖုံးကွယ်ထားသည့် ကြောက်စရာ လျှို့ဝှက်ချက်တခု ရှိရပေမည်။ ဟယ်စန်းမေ့လဲကျသွားခြင်းနှင့် အစ်ကိုဖန်း၏ မတော်တဆမှုက ချန်ဂီကို တပ်လှန့်လိုက်သလို ဖြစ်သွားသည်။ ယင်းကိစ္စကို သူ အမြန်ဆုံး ဖြေရှင်းမှ ဖြစ်မည်။
YOU ARE READING
သရဲအိမ်
Mystery / Thrillerမူရင်းဝတ္ထုစီးရီး - My House of Horror မူရင်းရေးသားသူ - Mou Sheng Ren Zhuan Peng ဝတ္ထုစီးရီး - သရဲအိမ် ဘာသာပြန်ဆိုရေးသားသူ - Sacrificer Main Characters - ချန်ဂီ(Chen Ge)