အခန်း ၅၅

30 3 0
                                    

မိန်းကလေး ငါးယောက်

ကုလားထိုင်က ကော်ရစ်ဒါအလယ်တွင် ရှိနေသည်။ ထို့ကြောင့် ဒုတိယထပ်သို့ ဝင်လိုလျှင် ကုလားထိုင်ကို ကျော်သွားရမည် ဖြစ်၏။ မိန်းကလေးအဆောင်တွင် မြင်ခဲ့ရသော မြင်ကွင်းက ချန်ဂီစိတ်တွင် ယခုတိုင် လတ်ဆတ်နေဆဲ ဖြစ်သည်။ ကုလားထိုင်က သက်ရှိလူသားများနှင့် နီးကပ်လိုသော ဆန္ဒရှိသလားပင် မပြောတတ်တော့။

လှေကားနားတွင် ပုန်းနေရင်း သူ ခဏတော့ တုံ့ဆိုင်းနေမိသည်။

ကုလားထိုင်က နောက်မှီနဲ့ပဲ။ စောနက အဆောက်အဦထဲမှာ မြင်လိုက်ရတဲ့ ကုလားထိုင်နဲ့ အတူတူပဲလား။ အခုထိုင်ခုံက တခြားအခန်းကနေ ဒီကို ရွေ့လာတာလား။ ဒါပေမဲ့ လူတယောက်က လိုက်ရွေ့နေတယ်ဆိုရင် ဘယ်လိုလူက ကုလားထိုင်တွေကို လိုက်ရွေ့နေမှာလဲ။

အသေအချာ ကြည့်လိုက်သည့်အခါ ကုလားထိုင်မှာ မိန်းကလေးအဆောင်ထဲတွင် ချန်ဂီတွေ့ခဲ့ရသည့် ကုလားထိုင်နှင့် ဆင်တူနေသည်ကို တွေ့လိုက်ရ၏။

ချန်ဂီက ဖုန်းကင်မရာ မြင်ကွင်းကို ချဲ့ပြီး တံခါးတချပ်ပေါ်တွင် ရေးသားထားသည့် စာတန်းကို ကြည့်လိုက်သည်။ ထိုအခါ အသံလေ့ကျင့်ခန်းနှင့် ပတ်သက်သည့် အရာတခု တံခါးပေါ်တွင် ရေးထားသည်ကို တွေ့လိုက်ရသည်။ အကလေ့ကျင့်ခန်းက ဒုတိယထပ်တွင် ရှိသည် မဟုတ်။ တတိယထပ်တွင် ရှိနေပုံ ရသည်။

"ဒါပေမဲ့ တတိယထပ်က ကော်ရစ်ဒါမှာ နောက်ထပ် သစ်သားကုလားထိုင်တလုံး ရှိနေရင် ဘယ်လိုလုပ်မလဲ။ ကုလားထိုင်တွေက ငါ့နောက်ကို လိုက်နေတာဆိုရင် ချောင်ပိတ်မိနေသလို ဖြစ်နေမှာပေါ့"

အဆိုးဆုံးအခြေအနေများကို စဉ်းစားပြီးနောက် ချန်ဂီက ဒုတိယထပ်သို့ ဝင်ရန် ဆုံးဖြတ်လိုက်သည်။ ကော်ရစ်ဒါတလျှောက်လုံး အမှောင်ကျနေရာ ချန်ဂီမှာ အဆုံးကို မမြင်ရဘဲ ရှိနေသည်။ နှစ်ဖက်စလုံးမှ တံခါးများမှာလည်း ပိတ်ထားသည်။ ပြတင်းပေါက်များတွင်လည်း ဖုန်မှုန့်များက အလိမ်းလိမ်း ကပ်ညိနေသည်။ ထို့ကြောင့် အခန်းတွင်းမှ အရာများကို ချန်ဂီက မမြင်ရဘဲ ရှိနေသည်။

သရဲအိမ်Where stories live. Discover now