အခန်း ၃၀

39 3 0
                                    

ရှစ်ယောက်မြောက်လူ

ဟယ်စန်းတစ်ယောက် အတတ်နိုင်ဆုံး ဖြောင်းဖြကြည့်သည်။ သို့သော် သူ၏ စီနီယာများမှာ တုန်လှုပ်ခြောက်ခြားဟန်ပင် မပြပေ။ သူတို့အားလုံးမှာ ဟယ်စန်းတစ်ယောက် ကြောက်လန့်တကြားနှင့် ပုံကြီးချဲ့ ပြောဆိုနေသည်ဟုသာ ထင်မြင်နေကြသည်။ ပြောရလျှင် မျက်စိနှင့်မြင်မှ ယုံကြည်တတ်သော သူတို့အတွက် သရဲအိမ်ကြီးအတွင်းသို့ ဝင်ရောက်ခဲ့သည်မှာ မိနစ်အနည်းငယ်ပင် ရှိခဲ့ချေပြီ။

ယခုအချိန်ထိ ဟိုသည် လွဲခိုနေသော အလောင်းကောင်များမှတစ်ပါး အခြား မည်သည့်အရာကိုမျှ သူတို့ မမြင်ရသေး။ ထို့ကြောင့် သူတို့အတွက်တော့ ဤအိမ်ကြီးသည် ကြောက်စရာလုံးဝမကောင်းတော့။ သို့သော်လည်း...

"ရှောင်စန်း.. နင် အဲ့လောက်ကြောက်နေရင်လည်း နင့်အစ်မကြီး ငါ့နောက်မှာ နေ"

အစ်မဟူဟု ခေါ်ဆိုသော မိန်းကလေးက ထိုသို့ပြောရင်း ရှေ့သို့တက်ကာ ဘေးဘက်မှ အခန်းတွင်းသို့ ဇိုးဇိုးဇပ်ဇပ်နှင့် ဝင်ချသွားလေသည်။

"အခန်းအားလုံးရဲ့ အပြင်အဆင်တွေက အကုန်အတူတူပဲ။ အိပ်ယာထဲမှာနေပြီး သရဲကားတွေ ကြည့်နေတာကမှ ပိုပြီး ကြောက်ဖို့ကောင်းဦးမယ်"

"ဒါဖြင့်လည်း အစ်ကိုဖန်းပြောသလို ငါတို့ လူစုခွဲပြီး လိုက်ရှာကြတာပေါ့" မျောက်က အစ်မဟူဆိုသော မိန်းကလေးနောက်သို့ လိုက်ရင်း ပြောလိုက်သည်။

"ထွက်ပေါက်ကို မြန်မြန် ရှာကြတာပေါ့။ ငါတို့ ပျင်းလာပြီ"

လောင်ဆန်းနှင့် ရှီလင်းဟု အမည်ရသည့် စကားမဆိုနိုင်အောင် နှုတ်ဆိတ်နေသည့် မိန်းကလေးတို့သည် စင်္ကြန်တွင် ရှိနေသော ဟယ်စန်း၊ အစ်ကိုဖန်းနှင့် လောင်ကျောက်တို့အား ထားခဲ့ကာ အစ်မဟူဆိုသော မိန်းကလေးအဖွဲ့နောက်သို့ လိုက်သွားကြလေသည်။

"ပွင့်ပွင့်လင်းလင်း ပြောရရင် ငါတော့ စိတ်ပျက်လာပြီ"

လောင်ကျောက်က စကားပြောလိုက်သည်။ ယင်းလူငယ်ကလေးသည် အဖွဲ့တွင်းရှိ မိန်းကလေးများထက်ပင် ပိုမို ပိန်လှီလှသည်။ သူ၏ ရုပ်နှင့် လိုက်ဖက်စွာပင် ကိုယ်ကာယ ကြံ့ခိုင်မှုမှာလည်း မကောင်းလှဟန်ရှီရာ ခြေလှမ်းအနည်းငယ်လျှောက်လိုက်သည်နှင့် ချွေးတစ်ပြိုက်ပြိုက် ကျလာတော့သည်။

သရဲအိမ်Where stories live. Discover now