အထူးဧည့်သည်တော်
ညသန်းခေါင် လက်မှတ်အရောင်းကောင်တာမှာ ကျိုးပဲ့နေသည်။ သို့သော် ပြင်ဆင်စရာ သိသာသည့် နည်းလမ်းလည်း မရှိသေး။ ဖုန်းနက်ကလေးတော့ တကယ့်ကို ထူးဆန်းသည်။
ချန်ဂီက ကောင်တာမှ ထွက်လိုက်၏။ လက်မှတ်အရောင်းကောင်တာ တည်ဆောက်ပုံကို ကြည့်လေ လူတွေနေဖို့ ဘယ်လိုမှ မသင့်တော်လေဟု ခံစားရလေ ဖြစ်သည်။
"ဆရာ..."
ရှူဝမ်က ပုံမှန်အဝတ်အစားနှင့် ချန်ဂီထံ အပြေးကလေး ရောက်လာ၏။ သူမလက်ထဲတွင်လည်း ဖုတ်ပြီးစ ဘန်းကိတ်နှစ်လုံး သယ်လာ၏။
ပျော်ရွှင်နေသော ရှူဝမ်ကို ကြည့်ရင်း ချန်ဂီစိတ်လည်း ချက်ချင်း ပေါ့ပါးသွားသည်။ ရှူဝမ်က တခါတလေ နမော်နမဲ့နိုင်တတ်သော်လည်း အမှောင်မိုက်ဆုံး နေ့ရက်များကို လင်းလက်သွားစေနိုင်လောက်သည်အထိ သဘာဝကျကျ ဆွဲဆောင်မှုမျိုး သူမထံတွင် ရှိသည်။
ရှူဝမ်ပေးသည့် ကိတ်မုန့်ကို ယူပြီး သူက အားရပါးရ ကိုက်လိုက်လေ၏။
"ဒီနေ့ စောလှချည်လား"
"ဆရာ ကြည့်ပါဦး"
ရှူဝမ်က ချန်ဂီနှင့်အတူ လှေကားတွင် ထိုင်လိုက်၏။ သူမက ဖုန်းကိုထုတ်ပြီး ပင်အန်းဌာနနှင့် ပတ်သက်သမျှ သတင်းများနှင့် ဗီဒီယိုင်ဖိုင်များကို ချန်ဂီအား ပြလိုက်သည်။
"ဒါအားလုံး ဆရာ့ကြောင့်ပဲ။ ဆရာရေ ... ကျွန်မတို့တော့ နာမည်ကြီးပြီ"
"ငါ ကြည့်ပါရစေဦး"
ချန်ဂီက သတင်းဆောင်းပါးများကို ကြည့်လိုက်သည်။ မနေ့က ပြုလုပ်ခဲ့သည့် အင်တာဗျူး အတိုလေးက ဒီလောက်အထိ နာမည်ကြီးသွားလိမ့်မည်ဟု သူ မထင်ထားခဲ့ချေ။
"တကယ့်ကို နှမျောစရာပဲ"
"နှမျောစရာ ဘာဖြစ်လို့လဲ။ ကျွန်မကတော့ ချစ်စရာကောင်းတယ် ထင်တာပဲ"
ရှူဝမ်၏ မျက်နှာလေး သွေးရောင်လွှမ်းသွားလေသည်။
"အဲဒီတုန်းက ဆုငွေရဖို့ပဲ တွေးနေတော့ အကောင်းဆုံး ပရိုမိုးရှင်းဆင်းလို့ရမယ့် အခွင့်အရေးကို လက်လွှတ်သွားတယ်လေ"
YOU ARE READING
သရဲအိမ်
Mystery / Thrillerမူရင်းဝတ္ထုစီးရီး - My House of Horror မူရင်းရေးသားသူ - Mou Sheng Ren Zhuan Peng ဝတ္ထုစီးရီး - သရဲအိမ် ဘာသာပြန်ဆိုရေးသားသူ - Sacrificer Main Characters - ချန်ဂီ(Chen Ge)