အခန်း ၂၂

36 2 0
                                    

သန်းခေါင်ယံ လူသတ်ပွဲ

ချန်ဂီမှာ အံ့ဩလွန်း၍ အသံမထွက်စေရန် ပါးစပ်ကို ကြိုးစားပိတ်လိုက်သည်။ အမျိုးသမီး၏ ခန္ဓာကိုယ်ကို မြင်တွေ့လိုက်ရသည်နှင့် သူက ဟယ်စန်းထံသို့ ချက်ချင်းစာပို့လိုက်သည်။

"အခုချက်ချင်း ရဲခေါ်လိုက်တော့"

လက်ရန်းတွင် မည်သည့်မီးအလင်းရောင်မျှ ရှိမနေချေ။ လူအုပ်နှင့် ချန်ဂီကြားရှိ တံခါးတစ်ချပ်သာ ရှိနေသည်။ ထို့ကြောင့် တိုက်ရိုက်ကြည့်နေသူများမှာ မည်သည့်အဖြစ်အပျက်များ ဖြစ်ပျက်နေသည်ကို မသိရှိကြပေ။ သူတို့အဆင်ပြေပြေ ကြည့်ရှုစေနိုင်ရန် ပြုလုပ်ပေးဖို့ ချန်ဂီတွင်လည်း အချိန်မရှိ။ ချန်ဂီက တံခါးအက်ကြားအနီးသို့ တိုးရင်း မျက်တောင်မခတ်ဘဲ ပြင်ပမှ အဖြစ်အပျက်များကို ကြည့်ရှုလိုက်သည်။

ကြမ်းပြင်၌ မြှုပ်နှံထားသည့် အလောင်းအား သူတို့တူးဖော်ရန် ကြိုးစားနေခြင်း ဖြစ်လိမ့်မည်ဟု ချန်ဂီ စဉ်းစားကြည့်မိသည်။ ချန်ဂီလည်း တုပ်တုပ်မျှ မလှုပ်ရဲ။ သူ့အတွက် အလွန်သတိကြီးစွာထားရမည့် အချိန် ဖြစ်သည်။ တည်းခိုခန်းပိုင်ရှင်များမှာ သူနှင့် ခြေလှမ်းအနည်းငယ်အကွာတွင် ရှိနေကြသည်။ သူတို့သာ တစ်ဖက်လှည့်ပြီး မြင်တွေ့ရသည့် အခန်းတွင်းသို့ ဝင်လာမည်ဆိုပါက ပုန်းကွယ်နေသာ သူ့အား ကျိန်းသေ တွေ့ရှိသွားပေလိမ့်မည်။

"ကမ်းခြေမှာ သဲတွေနဲ့ ဆော့နေရတယ်များ ထင်နေသလားကွ။ နည်းနည်း အားထပ်စိုက်ပါဦး"

အိမ်ရှင်သည် အလောင်းအနားသို့ လျှောက်လာရင်း လူဝကြီးအား ကျိန်ဆဲလိုက်သည်။ သူက ကြမ်းပြင်ပေါ်သို့ ဆောင့်ကြောင့်ထိုင်ရင်း ခန္ဓာကိုယ်တစ်ဝိုက် ပေကျံနေသော ဘိလပ်ခဲများကို ဖယ်ထုတ်နေလိုက်သည်။ အခြားသော အိမ်ငှားဧည့်သည်များ သိရှိသွားမည်ကို စိုးရွံ့သည့်အလား သူတို့သည် အရာရာကို အသံမထွက်အောင် ဖြည်းဖြည်းနှင့် မှန်မှန် လုပ်ကိုင်နေကြသည်။

အခေါင်းနံရံမှာ ပွင့်သွားလေပြီ။ ဘိလပ်ခဲများသည်လည်း ကြမ်းပြင်တစ်ဝိုက် ပြန့်ကျဲနေသည်။ လူအားလုံး ချွေးတသီးသီးကျလျက် ရှိနေသည်။ သူတို့ကျနေသည့် ချွေးများမှာ စိတ်လှုပ်ရှားမှုကြောင့် ဖြစ်စေ၊ အလုပ်လုပ်၍ ကျနေသော ချွေးသီးများ ဖြစ်စေ မည်သည့်အကြောင်းကြောင့် ကျနေသည်ကိုတော့ ချန်ဂီလည်း မသိနိုင်။ သို့သော် အလုပ်တစ်ခုကို ယခုကဲ့သို့ အတူတကွ လုပ်ကိုင်နေကြပုံမှာ ပထမဆုံး အကြိမ်ဖြစ်ဟန် ရှိရကား လူအားလုံး အချိတ်အဆက်မမိဘဲ လုပ်ကိုင်နေသမျှ တလွဲတချော်နှင့် နှောင့်နှေးကြန့်ကြာနေကြလေသည်။

သရဲအိမ်Where stories live. Discover now