အခန်း ၃၂

49 2 0
                                    

အရုပ်၊ အရုပ်၊ အရုပ်

မျောက်က ဒုတိယထပ်တွင် တကောင်တည်း ငုတ်တုတ်ထိုင်ရင်း မျက်စိကိုဖွင့် နားကိုစွင့်လျက် ပတ်ဝန်းကျင်ကို အကဲခတ်နေ၏။ သူ့နေရာမှဆို လှေကားကို ကောင်းကောင်း မြင်နိုင်သည်။ လူသတ်သမားက ဘယ်နေရာမှ လာသည်ဖြစ်စေ အမြန်ဆုံးနှုန်းနှင့် ပန်းကန်လုံးစီးပြီး သူက ထွက်ပေးနိုင်မည် ဖြစ်၏။

သရဲအိမ်တွင်းမှ မီးအိမ်မှာ တဖြည်းဖြည်း မှေးမှိန်လာသည်။ ခြောက်ခြားစရာ တေးသွားမှာလည်း သူ့နှလုံးသားကို အသံတိတ် ဆော့ကစားနေပြီ ဖြစ်၏။ မျောက်ကို သူ့ပါးသူ ပြန်ရိုက်ရင်း အသက်ကို ပြင်းပြင်းရှုလိုက်သည်။ ဆေးကျောင်းသားတယောက်အနေဖြင့် နာကျင်မှုနှင့် အောက်ဆီဂျင်သည် စိတ်ငြိမ်ရန် အကောင်းဆုံး ကုထုံးများဖြစ်ကြောင်း သူက သိထား၍ ဖြစ်သည်။

စောနက အဖြစ်အပျက်များကို မျောက်က ပြန်စဉ်းစားကြည့်လိုက်သည်။ မကောင်းဆိုးဝါးကြီး ထွက်လာချိန်မှာ ထူးဆန်းနေသည်။ လူရှစ်ယောက်ရှိနေသည်ဟု လောင်ကျောက်က ပြောလိုက်ချိန် မကောင်းဆိုးဝါးကြီးက ပေါ်လာပြီး သူတို့နောက် ပြေးလိုက်လာခြင်း ဖြစ်သည်။ တိုက်ဆိုင်လွန်းအားကြီးနေသည်။

ထိုခြောက်ခြားစရာကိစ္စကို လောင်ကျောက် တွေ့လိုက်သည်နှင့် အားလုံး သွေးပျက်သွားသည်။ အကိုဖန်းသာ ဖုန်းကိုထုတ်ပြီး တယောက်ချင်းစီ မီးထိုးကြည့်လျှင် ရှစ်ယောက်မြောက်သောလူကို လက်ပူးလက်ကြပ် ဖမ်းမိနိုင်မည် ဖြစ်၏။ ယင်းက သူတို့၏ ပထမဆုံး အမှား ဖြစ်သည်။ မကောင်ဆိုးဝါးကြီး သူတို့ထံ ပြေးဝင်လာသည်နှင့် ခေါင်းမပါသော ကြက်ကလေးများကို ဦးတည်ရာမဲ့ မပြေးလွှားဘဲ အားလုံး အတူတတကွ ရင်ဆိုင်လျက် ဘာမှ မဖြစ်နိုင်။ ယင်းကား သူတို့၏ ဒုတိယအမှား ဖြစ်သည်။

မျောက်က သက်ပြင်းကို ဖြည်းဖြည်းချင်း ချလိုက်သည်။ ဟုတ်သည်။ မကောင်းဆိုးဝါးကြီး ပြေးဝင်လာတော့ အားလုံး ကြောက်ရွံ့သွားခဲ့သည်။ သို့သော် မကောင်းဆိုးဝါးကြောင့်တော့ မဟုတ်။ ပထမဆုံး ပြေးထွက်သွားသည့် လူကြောင့် ဖြစ်သည်။ ထိုလူ့ကြောင့် အားလုံး ကမူးရှူးထိုး ဖြစ်သွားကြခြင်း ဖြစ်သည်။ သူအမှတ်မမှားလျှင် ပထမဆုံး ပြေးသူမှာ ရှစ်ယောက်မြောက် လူ ဖြစ်ရမည်။ ရှောင်ဟူအော်သံကို စောနက သူ ကြားလိုက်ရသည်။ ထိုလျှို့ဝှက်သော ရှစ်ယောက်မြောက်လူနောက်သို့ ပြေးလိုက်သွားသူမှာ ရှောင်ဟူ ဖြစ်သည်။ ထို့ကြောင့် ထိုလူသည် သံသယရှိစရာ အကောင်းဆုံး လူတယောက် ဖြစ်ရမည်။

သရဲအိမ်Where stories live. Discover now