Part 2

3.3K 353 24
                                    

Unicode

ချိုင့်ခွက်ကြီးငယ်များလမ်းမပေါ်နေရာအနှံ့ယူထားသည့် ဆင်ခြေဖုံးရပ်ကွက်ထဲသို့ ထို‌နေရာနှင့်မလိုက်ဖက်စွာ ဇိမ်ခံကားတစ်စီးမှဝင်ရောက်လာသည့်အခါ ရပ်ကွက်နေလူအများ၏ ဝိုင်းဝန်းကြည့်ရှုခြင်းကိုခံရတော့သည်။

“ဆက်သွားလို့မရတော့ပါဘူး ဆရာ”

မျက်စိရှေ့မှာမြင်နေရသော ဆိုးရွားပြီးကျဉ်းမြောင်းလွန်းသည့်လမ်းကိုကြည့်ကာ ဒရိုင်ဘာဖြစ်သူမှပြောလာသည့်အခါ ကားနောက်ခန်းတွင်ထိုင်နေခဲ့သည့်လူမှာ လမ်းဆင်းလျှောက်ဖို့ပြင်ရတော့၏။

“အဲဒါဆို ဒီကနေပဲသွားလိုက်တော့မယ်”

“ကျွန်တော်လိုက်ခဲ့ပေးရဦးမလား ဆရာ”

“ရတယ် မလိုက်နဲ့တော့”

ရပ်ထားသည့်အကောင်းစားကားပေါ်မှဆင်းလာသည်လူ၏ဝတ်စားဆင်ယင်ပုံမှာလည်း တစ်ချက်မျှကြည့်လိုက်ယုံဖြင့်ပင် အထက်တန်းလွှာတစ်ယောက်မှန်းသိသာလွန်းလှသည်။

ထိုလူမှာသူ၏အနီးပတ်ဝန်းကျင်မှလူအများ၏ သိသိသာသာသူ့အားစူးစိုက်ကြည့်နေကြခြင်းကို လျစ်လျူရှုလိုက်ပြီး သူဦးတည်ရာနေရာသို့သာတစိုက်မတ်မတ်သွားနေတော့သည်။

“ကလေးကဒီလိုပတ်ဝန်းကျင်မှာကြီးပြင်းလာရတယ်တဲ့လား? စိတ်မကောင်းစရာကောင်းလိုက်တာ”

ဗွက်ပေါက်ကာ ‌ရွှံ့ညွန်ထူထပ်သောလမ်းပေါ်မှာ မနည်းကြိုးစားလမ်းလျှောက်ရင်း လမ်းဘေးတစ်ဖက်တစ်ချပ်စီတွင်ရှိသော ဓနိမိုး၍ထရံများဖြင့်ကာရံထားသည့် ပူးကပ်ယိုင်နဲ့နေသောတဲအိမ်ငယ်များကိုကြည့်ကာ ဝမ်မင်ရန်တစ်ကိုယ်တည်းရေရွတ်လိုက်ခြင်းဖြစ်သည်။

ငါးမိနစ်ခန့်လမ်းလျှောက်ပြီးသည့်အခါတွင်တော့ ဘေးသို့အနည်းငယ်ပင်စောင်းနေသော တဲအိမ်ငယ်လေးရှေ့တွင် ရပ်လိုက်လေသည်။

“အိမ်ရှင်တို့! အိမ်ရှင်တို့ရှိလား?”

“ဘယ်သူလဲ?”

အိမ်ပေါက်ဝကလှမ်းမေးလိုက်တော့ ခပ်နွမ်းနွမ်းအဝတ်အစားကိုဝတ်ဆင်ကာ ရင်ခွင်ပိုက်ကလေးတစ်‌ယောက်ကိုချီထားသည့် အမျိုးသမီးတစ်‌ယောက်ထွက်လာကာ သူ့အားစူးစမ်းသလိုကြည့်၍မေးလာခြင်းဖြစ်သည်။

Valuable JewelWhere stories live. Discover now