Unicode
နေ့လယ်စာစားပြီး သူ၏အခန်းရှိရာသို့ပြန်သွားရန် ဝမ်ရိပေါ်ပြင်နေတုန်း အခန်းတံခါးခေါက်သံကိုကြားလိုက်ရသည်။ ခဏအကြာဝင်လာသည့်လူက ရှောင်းကျန့်၏အတွင်းရေးမှူးဖြစ်ကာ ဘာစကားမပြောခင်မျက်လုံးများက သူ့ထံသို့အရင်ကျရောက်လို့လာသဖြင့် တမင်သပ်သပ်ကိုဆက်ပြီးထိုင်နေလိုက်သည်။
ဒါသူရှိနေလို့ မပြောချင်တော့ဘူးဆိုတဲ့သဘောမလား။ အဲဒီလိုလုပ်လေ ၀မ်ရိပေါ်ဆိုတဲ့သူကပိုသိချင်လေပဲ။
“ကိစ္စရှိလို့လား”
“ဟို..မစ္စတာဟန် ရောက်နေပါတယ် CEO”
အတွင်းရေးမှူး၏ မရဲတရဲပြောလာသည့်စကားအဆုံးမှာတော့ ရှောင်းကျန့်ရဲ့အကြည့်တွေကပါသူ့ဆီကိုရောက်လို့လာသည်။ တဆက်တည်းမှာပဲ နားထဲသို့တိုးဝင်လာသည့်နောက်ထပ်အသံတခုက ဝမ်ရိပေါ်ကိုအလွန်အမင်းစိတ်အနှောင့်အယှက်ဖြစ်သွားစေတော့သည်။
“ကျန့်လေး”
မုန်းစရာကောင်းလိုက်တာ အဲဒီလိုခေါ်တဲ့အသံကောက်ရမ်းကိုမှမုန်းဖို့ကောင်းတယ်။ မဟုတ်ဘူး တအားရွံဖို့ကောင်းနေတယ်။
“သူများတွေထမင်းစားချိန်ကြီးကို ဘာလာလုပ်ပြန်တာလဲ”
တဖက်လူ၏ခေါ်သံကို ရှောင်းကျန့်မှတုန့်ပြန်မှုတစုံတရာပင်မပြုလုပ်ရသေးခင် ဝမ်ရိပေါ်မှဝင်ပြောလိုက်ခြင်းဖြစ်သည်။
“ဒီအချိန်လောက်ဆိုစားပြီးပြီမဟုတ်လား။ နောက်ပြီးကိုယ်က ကျန့်လေးဆီလာတာ။ တခြားလူဆီကိုလာတာမဟုတ်ဘူး”
ဟန်ရှင်းဆိုတဲ့လူရဲ့အပြောကြောင့် ဝမ်ရိပေါ်ဒေါသထွက်သွားရတယ်။ ရှောင်းကျန့်ဆီကို ဘာရည်ရွယ်ချက်နဲ့ခဏခဏလာနေလဲဆိုတာ သူကမသိဘဲနေမလား။
“ကော လာရင်းကိစ္စက…”
တင်းမာလာမည့်အခြေအနေကိုကြိုရိပ်မိစွာ ရှောင်းကျန့်မှကြားဝင်၍ လာရင်းအကြောင်းကိုတန်းမေးလိုက်၏။
“ဒီအပတ်တနင်္ဂနွေမှာကျင်းပမယ့် Hua Shin Cooperation ရဲ့နှစ်ပတ်လည်နေ့ဖိတ်စာ”
သူ့ကိုကျော်ကာ မျက်နှာချင်းဆိုင်မှာထိုင်နေသည့် ရှောင်းကျန့်ထံသို့ရောက်လို့သွားသောရွှေရောင်တလက်လက်တောက်ပနေသည့် ဖိတ်စာတခုကိုမြင်လိုက်ရသဖြင့် ဝမ်ရိပေါ်နှုတ်မှပြောလိုက်သည်က…